ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် နှစ်မြို့နယ်၌ ကျပ်သိန်း ၁,၇၀၀ ခန့်တန်ဖိုးရှိ
မူးယစ်ဆေးဝါးများကို ယခုလ ၁၁ နှင့် ၁၂ ရက်နေ့တို့က ဖမ်းဆီးရမိခဲ့သည်။
ယခုလ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် တာမွေမြို့နယ် မအူကုန်းရပ်ကွက်ရှိ တိုက်ခန်းတစ်ခု၏
မြေညီထပ်နေထိုင်သူ ဇော်ဝင်း(ခ)အစ္စမိုင် (၃၆ နှစ်)၏ နေအိမ်ကို သတင်းအရ အရှေ့ပိုင်းခရိုင်
မူးယစ်အထူးတပ်ဖွဲ့စုနှင့် တာမွေမြို့မရဲစခန်းတို့မှ ပူးပေါင်းအဖွဲ့က ၀င်ရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေအိမ်တွင် ဇော်ဝင်းနှင့်အတူ ပဲခူးတိုင်းဒေသကြီးနေ ကျော်ဆွေ(၅၆ နှစ်)၊
ကျော်မင်းအောင်(ခ)ဒါ၀တ်(၃၁ နှစ်)တို့ကိုတွေ့ရပြီး နေအိမ်ခန်းအတွင်းရှိ တိုယိုတာတံဆိပ်ပါ
မီးခံသေတ္တာအတွင်းမှ ဒဗ္ဗလျူဝိုင် စာတမ်းပါ စိတ်ကြွဆေးပြား ၂၂,၆၀၀ ပြား၊ တန်ဖိုး
ကျပ်သိန်း ၁,၁၃၀ ကိုလည်းကောင်း၊ အိုင်စီအီးဟု ယူဆရသည့် အကြည်ရောင်းပုံ ဆောင်ခဲ
၁၇၅ ဂရမ်၊ တန်ဖိုးကျပ် ၁၇၅ သိန်း၊ ဘိန်းဖြူရောင်ဟု ယူဆရသည့် အဖြူရောင်အမှုန့်
၁၄ ဒသမ ၅ ဂရမ်စီပါ ဆပ်ပြာခွက် ခြောက်ခွက်ကိုလည်းကောင်း၊ အဝါရောင်တိတ်ဖြင့် ပတ်လျက်
ဘိန်းဖြူဟု ယူဆရသည့် ၃၅၀ ဂရမ်ဘလောက်တုံး တစ်တုံး တန်ဖိုး ကျပ် ၃၄,၉၆၀,၀၀၀ ကို
တွေ့ရှိခဲ့သည်။
ထို့ပြင် ဇော်ဝင်း(ခ)အီစ္စမိုင်ထံမှ နိုင်ငံသားကတ်တစ်ခုနှင့် မူးယစ်ဆေးဝါး ရောင်းချရငွေဟု
ယူဆရသည့် ကျပ် ၄၃ သိန်းကိုလည်းကောင်း၊ ကျော်မင်းအောင်(ခ)ဒါ၀တ်ထံ၏ အကျႌအိတ်ကပ်
အတွင်းမှ စီးကရက်ဗူးခွံနှင့် ထည့်ထားသည့် ပင်နီဆလင်ဆေးပုလင်းအတွင်းမှ ဘိန်းဖြူဟု
ယူဆရသည့် အဖြူရောင်မှုန့် သုည ဒသမ ၂၅ ဂရမ်ပါတစ်ပုလင်းနှင့် လက်ကိုင်ဖုန်း သုံးလုံးကို
သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် လှည်းကူးမြို့နယ် သပိတ်ကုန်းစံပြ
ကျေးရွာစာကြည်တိုက်အနီး နံပါတ်ပြား တပ်ဆင်ထားခြင်း မရှိသည့် တိုယိုတာယာဉ်ပေါ်တွင်
မင်္ဂလာဒုံမြို့နယ်နေ နိုင်ဝင်းဖေ(ခ)ကိုနိုင် (၃၂ နှစ်)၊ ရှမ်းပြည်နယ် ကလောမြို့နယ်နေ မစုနန္ဒာ
(၃၅ နှစ်)တို့ကို စိတ်ကြွဆေးပြား ၃၇၇ ပြား အလေးချိန် ၃၇ ဒသမ ရ ဂရမ် စုစုပေါင်း
ကျပ် ၁,၁၃၁,၀၀၀ သိန်းဖိုးခန့်နှင့် ကျပ် ၁၇၄,၀၀၀ တွေ့ရှိခဲ့သည်။
ထို့ပြင် အဆိုပါ ကားနှင့် ပေ ၁၀၀ ခန့်အကွာ၌ ရပ်ထားသည့် ပရိုဘောက်စ်ယာဉ်ပေါ်တွင်
ထွန်းထွန်းဝင်း(၃၆နှစ်)နှင့် ကြည်လင်းထွန်း (၂၅ နှစ်)တို့ကို တွေ့ရှိသဖြင့်မေးမြန်းခဲ့ရာ
ထောက်ကြန့်ဘက်မှ နိုင်ဝင်းဖေနှင့် အတူလာသည့် ကားဖြစ်ကြောင်း သိရသဖြင့်
အရေးယူထားသည်။
















