ယုဇနမြို့တော်မှ မြို့တွင်းပြေးဆွဲနေသည့် လူ ၁၅ ဦးခန့်ဆံ့သည့် ကားများကို တရားဝင်
လိုင်းကားများ ဖြစ်ရန်အတွက် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(မထသ)သို့
စာတင်ထားပြီးဖြစ်သည်ဟု ယုဇနနှင့် မြို့ထဲသို့ ကားပြေးဆွဲနေသူ ကိုဝေလင်း ကပြောသည်။
"ကျွန်တော် ယုဇနကနေပြီးတော့ မြို့ထဲကို ကားဆွဲလာတာ အခုဆိုရင် ရှစ်နှစ် ရှိနေပြီ။
ကျွန်တော်တို့ စဆွဲတုန်းက သုံးလေး စီးပဲ ရှိတာ။ အခုဆိုရင် အစီးရေ ၅၀ ကျော် လောက်ရှိသွားပြီ။
တရားဝင်လိုင်းဖြစ်ဖို့လည်း လွန်ခဲ့တဲ့ လေးလလောက်တည်းက တင်ထားတယ်။ အောင်စိုးမိုးဆိုတဲ့
နာမည်နဲ့ တင်ထားတယ်" ဟု၎င်းက ပြောသည်။
ယုဇနဥယျာဉ်မြို့တော်မှ မြို့ထဲသို့ ပြေးဆွဲသည့် အဆိုပါကားများသည် အခြား လိုင်းကားများကဲ့သို့
တစ်နေကုန်ဆွဲရခြင်းမျိုး မဟုတ်ပဲ ရုံးတက်၊ ရုံးဆင်းချိန်များကို အဓိက ထားပြီးဆွဲရခြင်းဖြစ်ပြီး
တစ်နေ့လျှင် ပျမ်းမျှ ခြောက်ခေါက်ခန့် ပြေးဆွဲရသည်။
ကား နှစ်မျိုးရှိရာ တစ်မျိုးမှာ လူဦးရေ ၁၅ ဦး ၀န်းကျင်ခန့်ဆံ့ပြီး တစ်ဦးလျှင် ကျပ် ၅၀၀ ပေးရသည့်
ကားဖြစ်ကာ နောက်တစ်မျိုးမှာ စုပေါင်းတက္ကစီဟုခေါ်ပြီး လူလေးယောက် ဆံ့သည့် တစ်ဦးလျှင်
၁,၀၀၀ ကျပ် ပေးရသည့် ကားများဖြစ်သည်။
"ကျွန်မက ရုံးအသွားအပြန်ကို ကျပ် ၅၀၀ ပေးရတဲ့ ကားကိုပဲ စီးတယ်။ တစ်ခါတစ်လေ
ကျတော့လည်း ၅၀၀ ကားမရရင် ၁,၀၀၀ ကားစီးရတာမျိုးတွေလည်း ရှိတယ်။ အဲဒီကားတွေ စီးရင်
ရုံးကိုအချိန်မီရောက်တယ်။ ထိုင်စရာ နေရာလည်း ရတယ်" ဟု ယုဇနတွင် နေထိုင်သူ မအေမီ က
ပြောသည်။
ယုဇနသို့ ပြေးဆွဲသည့် ကားများသည် ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလမ်းထောင့်တွင်
ရပ်နားထားပြီး ထိုရပ်နားခအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တစ်နှစ်စာ
ကားရပ်နားခ ပေးဆောင်ရသည်ဟု ယုဇနမှမြို့ထဲသို့ ကားပြေးဆွဲသူ ကိုမောင်မောင် ကပြောသည်။
"ဒီစီးပွားရေးကို လုပ်တဲ့သူတွေက ကိုယ်ပိုင်ကားတွေကို ဆွဲတာလည်းရှိတယ်။
တချို့ကျတော့လည်း ကားကိုငှားပြီး ဆွဲတဲ့သူတွေလည်း ရှိတယ်။ ကားက တစ်နေ့ကို
တစ်သောင်း၊ တစ်သောင်းခွဲနဲ့ ငှားပြီးတော့ ဆွဲကြတယ်" ဟု ၎င်းကပြောသည်။
"ကျွန်တော်တို့တွေ အနေနဲ့ကတော့ ပြေးဆွဲနေတဲ့ လိုင်းကားတွေတင်မက အောက်ဆိုက်ကားတွေ
အကုန်လုံး တရားဝင် ပြေးဆွဲကြတာပဲ ဖြစ်စေချင်တယ်။ နောက်ပြီး နဂိုကတည်းက
ယာဉ်ကြောကျပ်တဲ့အတွက် လိုင်းလျှောက်ထားတဲ့အခါ လျှောက်ထားတဲ့ နေရာက
ခရီးသည်ဦးရေနဲ့ ကားအရေအတွက်ကို သေချာတွက်ချက်ပြီး ထိန်းထိန်းသိမ်းသိမ်း
ဆောင်ရွက်ရပါတယ်။ ကားတစ်စီးရဲ့ သယ်ပို့နိုင်တဲ့ ပမာဏကိုကြည့်ပြီးတော့လည်း
ဘတ်စ်ကားသဖွယ် ပြေးဆွဲခွင့်ပြုတာတွေလည်း ရှိပါတယ်" ဟု မော်တော်ယာဉ် လိုင်းပေါင်းစုံ
ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှအောင် က မြန်မာတိုင်း(မ်)ကို ပြောသည်။
"အဲဒီ အောက်ဆိုက် ကားလိုင်းတွေ အနေနဲ့ တရားဝင်လိုင်း လျှောက်ထားတယ်ဆိုရင်လည်း
သက်ဆိုင်ရာ ဌာနတွေဖြစ်တဲ့ ပို့ဆောင်စီမံရေး ဦးစီးဌာနတို့၊ ကညနတို့မှာ ရှိတဲ့ ယာဉ်နဲ့
ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း ဥပဒေနဲ့ ကိုက်ညီရင်တော့ တရားဝင်လိုင်း ရနိုင်ပါတယ်" ဟု
၎င်းကပြောသည်။

















