ရန်ကုန်မြို့တော်အတွင်း လေထုညစ်ညမ်းမှု အများဆုံးဖြစ်ရာ ၁၅ နေရာတွင် လေ အရည်အသွေး
တိုင်းတာရေးစက်များကို ဖေဖော်ဝါရီလတွင် တပ်ဆင်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လေထုညစ်ညမ်းမှုကို လျှော့ချရေးအတွက် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ရန်ကုန်မြို့တော်
ခန်းမရှှေ့ မဟာဗန္ဓုလ ပန်းခြံ၊ လှည်းတန်းခုံးကျော် တံတားအနီးနှင့် မင်္ဂလာဒုံမြို့နယ်တို့၌
လေထုတိုင်းတာရေး စက်များကို အထိုင်ချတပ်ဆင်မည်ဖြစ်ပြီး ကျန်နေရာများတွင် ရွှေ့ပြောင်း
လေထုတိုင်းတာစက်များ အသုံးပြုတိုင်းတာသွားမည်ဖြစ်သည်။
အဆိုပါ စက်များဖြင့် လေထုထဲတွင် ပါ၀င်သည့် ဓာတ်ပစ္စည်း အမျိုးအစား ၁၄ မျိုးကို
တိုင်းတာမည်ဖြစ်ပြီး ရလဒ်များကို နိုင်ငံတကာမှ စံနှုန်းဖြင့် နှိုင်းယှဉ်ပြီး သတ်မှတ်ထားသည့်
ပမာဏထက် ကျော်လွန်ပါက လေထုညစ်ညမ်းမှုလျှော့ချရေး စီမံကိန်းရေးဆွဲသွားမည်ဟု
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်အင်ဂျင်နီယာချုပ်
ဦးအောင်မြင့်မော် က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ကျွန်တော်တို့ တိုင်းတာမယ့် အထဲမှာ လေထုထဲ အမှုန်ပမာဏ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်
စတာတွေကို တိုင်းတာမှာပါ။ ၂၀၁၂ ခုနှစ် နောက်ဆုံးတိုင်းတာချက်အရ ဆိုရင်တော့ ရန်ကုန်မြို့မှာ
လေထုထဲမှာ ရှိနေတဲ့ အမှုန်ပမာဏကတော့ ကမ္ဘာ့ကျန်းမာရေးက သတ်မှတ်စံနှုန်းထက်
ကျော်နေပါတယ်"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် မော်တော်ယာဉ်များ၏ ၈၀ ရာခိုင်နှုန်းကို ရန်ကုန်မြို့၌
မောင်းနှင်အသုံးပြုလျက်ရှိသလို ရန်ကုန်မြို့တွင် စက်မှုဇုန်ပေါင်း ၂၄ ဇုန် ရှိသည်။
















