လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါးတို့ကို တာမွေမြို့နယ်တရားရုံး၌
သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုထားရာတွင် နိုင်ငံတော်သံဃမဟာနာယက(မဟန)အဖွဲ့၏
ညွှန်ကြားချက် မလိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်က
မြန်မာတိုင်း(မ်)ကို ပြောသည်။
သံဃာငါးပါးတို့ကို စွဲဆိုထားသည့် အမှုများအနက် သာသနာတော်ညှိုးနွမ်းစေမှု ၂၉၅ (က)ဖြင့်
တရားစွဲချက်ကို ဇန်နဝါရီလ ၃၀ ရက်နေ့က စစ်ဆေးရာတွင် တရားလိုပြသက်သေဖြစ်သူ
သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်၏ ထွက်ဆိုချက်နှင့် ပတ်သက်ပြီး
မဟနအဖွဲ့၏ ညွှန်ကြားချက် မလိုအပ်ကြောင်း ၎င်းက ပြောကြားခြင်းဖြစ်သည်။
"ဆရာဦးထွန်းညွန့်ရဲ့ ထွက်ဆိုချက်နဲ့ ပက်သက်ပြီး ဘာမှ ပြောစရာမရှိပါဘူး။ သူ ထွက်ဆိုတာနဲ့
ရှေ့နေ မေးတာနဲ့က တလွဲစီပဲလေ။ သက်သေပြောဆိုတာက ၂၀/၉၀သာ မဟန ညွှန်ကြားချက်
လိုတယ်၊ ကျန်တဲ့ ပုဒ်မတွေက မဟနရဲ့ ညွှန်ကြားချက် မလိုအပ်ဘူးလို့ ဆိုလိုတာ ဖြစ်တယ်။
စွဲဆိုထားတဲ့ အမှုနှစ်ခုမှာ ၂၀/၉၀က သံဃာ့အဖွဲ့အစည်း စည်းမျဉ်း ဥပဒေအရ အရေးယူရခြင်း
ဖြစ်တဲ့အတွက် မဟနရဲ့ ညွှန်ကြားချက် လိုတယ်။ သာသနာညှိုနွမ်းစေမှု ၂၉၅(က)ကိုတော့
မဟန ညွှန်ကြားချက်မလိုဘဲ ဗုဒ္ဓဘာသာ ကို ထိခိုက်စေတယ်ဆိုရင် မည်သူမဆို အရေးယူ
တရားစွဲဆိုခွင့် ရှိတယ်။ ကျွန်တော်တို့လည်း သံဃာတော်တွေကို တရားမစွဲဆိုချင်ပေမယ့်
မဟနက မညွှန်ကြားသော်လည်းပဲ တာဝန်အရ လုပ်ရတဲ့အတွက် စွဲဆိုရခြင်း ဖြစ်တယ်"ဟု
ဦးစိန်မော် က ပြောသည်။
အမှုကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
















