မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော သွေးလှူဘဏ်နှင့် စိတ်ရောဂါကုဆေးရုံတို့ကို တည်ထောင်ခဲ့သည့်
အသင်းဖြစ်သော ရန်ကုန် ရိုထရီကလပ် (Rotary Club Yangon) သည် မြန်မာနိုင်ငံ၌
နှစ် ၅၀ ခန့် ပျောက်ကွယ်နေခဲ့ရာမှ ယခုပြန်လည် အသက်သွင်းလိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ
၂ ရက်တွင် အဖွဲ့ဝင်များက ထုတ်ပြန်ကြေညာခဲ့သည်။
ထိုအသင်းသည် လွန်ခဲ့သော ၈၆ နှစ်၊ အင်္ဂလိပ်ကိုလိုနီခေတ်က စတင်တည်ထောင်ခဲ့ပြီး
လူမှုရေးနှင့် ပရဟိတ လုပ်ငန်းများစွာကို မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် အထင်ကရအသင်း
တစ်ခု ဖြစ်ခဲ့သလို ထိုစဉ်က ရန်ကုန်မြို့တော်ဝန် ဦးဘဝင်း၊ လွတ်လပ်ရေးခေတ်ဦး၏
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထင်အောင် စသည့် ထင်ရှားသောပုဂ္ဂိုလ်များ
ပါ၀င်ခဲ့သည်။
သို့သော် စစ်တပ်က အာဏာသိမ်းလိုက်ပြီး နှစ်နှစ်အကြာ ၁၉၆၄ ခုနှစ်တွင် ကလပ်၏ လုပ်ငန်းများ
ရပ်ဆိုင်းခဲ့ရသည်။
"ရန်ကုန် ရိုထရီကလပ်က အဖွဲ့သစ်လို့လည်း ဆိုနိုင်ပေမယ့် အရင်ကတည်းကလည်း ရှိခဲ့ပါတယ်။
တခြားနိုင်ငံက ရိုထရီကလပ်တွေနဲ့ ပူးပေါင်းပြီး လူမှုအကျိုးပြုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့
ပြန်လည်ဖွဲ့စည်းတာ ဖြစ်ပါတယ်"ဟု ကလပ်ဥက္ကဋ္ဌ ဦးအေးလွင် က ပြောသည်။
အဆိုပါ ကလပ်သည် အထင်ကရ သူဌေးကြီးများ၊ နာမည်ကျော် လုပ်ငန်းရှင်များနှင့် နယ်ပယ်
အသီးသီး၌ ထင်ရှားသူများ၏ ဆုံမှတ်အဖွဲ့အစည်း တစ်ခုလည်းဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်တို့၏
လူမှုရေးလုပ်ငန်းနှင့် ပရဟိတလုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြရာ အသင်းလည်းဖြစ်သည်။
ထိုအသင်း၏ လှူဒါန်းခဲ့မှုများအနက် အမြင်အာရုံချို့တဲ့သူများအတွက် စာဖတ်ကိရိယာများ
ထုတ်လုပ်သည့်စက်ရုံ၊ မြန်မာ့ ပထမဆုံး သွေးလှူဘဏ်၊ စိတ်ရောဂါအထူးကုဆေးရုံတို့မှာ
ထင်ရှားသည်။
ပြန်လည်ဖွဲ့စည်းလိုက်သည့် ရိုထရီကလပ်၏ ဥက္ကဋ္ဌမှာ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အာဆီယံဌာန၏
အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဦးအေးလွင် ဖြစ်ပြီး၊ President Elect အဖြစ် မြန်မာနိုင်ငံ
ကုန်သွယ်/စက်မှု အသင်းချုပ်နှင့် ရိုးမဟိုးလ်ဒင်းလီမိတက်၊ အက်ဖ်အမ်အိုင်တို့က လူမှုတာဝန်ယူမှု
ဌာန၏ အကြီးအကဲ မာတင်ပန်က တာဝန်ယူမည်ဖြစ်ပြီး အထင်ကရစီးပွားရေးလုပ်ငန်းရှင်များ
လည်း ပါ၀င်မည်ဖြစ်ကာ လတ်တလောတွင် အဖွဲ့ဝင်ဦးရေ ၂၀ ကျော် ရှိနေပြီဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံက ရိုထရီကလပ်သည် အဖွဲ့ဝင် ၁,၂၀၀ မပြည့်သေးသဖြင့် ထိုင်းနိုင်ငံ
ဘန်ကောက်ရိုထရီကလပ်၏ လက်အောက်တွင် လုပ်ဆောင်ရမည်ဖြစ်ပြီး လာမည့် ငါးနှစ်ခန့်တွင်
သီးသန့် ရပ်တည်ရန် အဖွဲ့ဝင်ဦးရေ ပြည့်မီလိမ့်မည်ဟု မျှော်လင့်ရကြောင်း ကလပ်၏
Moderator ဖြစ်သူ ဦးမိုးကျော် က ပြောကြားသည်။
ကမ္ဘာပေါ်တွင် ရိုထရီကလပ်ရှိသည့် နိုင်ငံ ၃၅ ခုရှိပြီး ကလပ်ပေါင်း ၃၃,၀၀၀ ရှိရာ အဆိုပါ
ကလပ်များတွင် စုစုပေါင်း အဖွဲ့ဝင် ၁ ဒသမ ၅ သန်းခန့် ရှိသည်။
















