ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ရွှေတိဂုံဘုရားနှင့် အလံပြဘုရားအနီးရှိ ဆောက်လုပ်ရေး စီမံကိန်း ငါးခု၏
တည်ဆောက်ရေး လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ယခုလ ပထမအပတ်အတွင်း
တစ်လခန့် ခေတ္တရပ်နားစေခဲ့ပြီးနောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ယခုလကုန်အထိ
နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု အသင်း၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက
မြန်မာတိုင်း(မ်) ကို ယခုလ ၉ ရက်နေ့က ပြောသည်။
"တိုင်းဒေသကြီးအစိုးရက သတင်းထုတ်လိုက်တော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)
ကနေ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကို နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးဖို့အတွက်
ပြောလာခဲ့ပါတယ်။ နည်းပညာပိုင်းအရ အခြေအနေတွေ ဘယ်လိုရှိနိုင်တယ်ဆိုတာကို စစ်ဆေးပြီး
ရလဒ် ထွက်လာခဲ့ရင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပေးရမှာပါ။ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကပဲ
ထွက်လာတဲ့ ရလဒ်ရဲ့ အခြေအနေတွေကို တရားဝင်ကြေညာသွားမှာပါ" ဟု မြန်မာနိုင်ငံ
အင်ဂျင်နီယာအသင်း၏ အတွင်းရေးမှူးက ပြောသည်။
ထို့ကြောင့် လက်ရှိစစ်ဆေးနေသည့် ကာလအတွင်းတွင် တည်ဆောက်မှုများကို ခေတ္တခဏ
ရပ်နားထားရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ဆောက်လုပ်ရေးစီမံကိန်း ငါးခု မှာ သုခရတနာကုမ္ပဏီလိမီတက်၊ ရွှေတောင် ဟေးဒေး
ဆောက်လုပ်ရေးကုမ္ပဏီ၊ Marga Lardmark ဆောက်လုပ်ရေး ကုမ္ပဏီ၊ ရွှေတောင်ဖွံ့ဖြိုး
တိုးတက်ရေး ကုမ္ပဏီနှင့် Adventure Myanmar Tour & Incentives ကုမ္ပဏီတို့ဖြစ်သည်။
၎င်းစီမံကိန်းများအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုမိန့်
ရရှိထားပြီး ဖြစ်ကာ အစိုးရ၏ မြေနေရာများကို ငှားရမ်း၍ ဟိုတယ်၊ လူနေအိမ်၊ ၀န်ဆောင်မှုပါသည့်
တိုက်ခန်းများ၊ ရုံးခန်းများနှင့် ဈေးဝယ်စင်တာများ ပါ၀င်သည့် အဆောက်အအုံများ
တည်ဆောက်သည့် Mixed used Development ကို အကောင်အထည်ဖော်ကြမည်ဖြစ်သည်။
ဧရာမ စီမံကိန်းကြီးများ၏ တည်ဆောက်မှုပိုင်းများ စတင်လာသည့်အချိန်တွင် စီမံကိန်း၏
မနီးမဝေးတွင် ရှိသည့် ရွှေတိဂုံဘုရားနှင့် အလံပြဘုရားကို ထိခိုက်မှုမရှိစေရန် ဆောက်လုပ်ရေး
ပိုင်းများကို စစ်ဆေးနေခြင်းကြောင့် စီမံကိန်းကို ခဏတာ ရပ်နားထားခြင်းဖြစ်ကြောင်း
သုခရတနာကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပြောသည်။
"ကျွန်တော်တို့ တည်ဆောက်ရေးပိုင်းတွေကို ခဏရပ်နားထားရပါတယ်။ ဒါက စီမံကိန်းကြီး
တစ်ခုလုံး ရပ်သွားတာ မဟုတ်ပါဘူး။ ကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ အင်ဂျင်နီယာအသင်းက
ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို လာစစ်ဆေးနေတာပါ။ စစ်ဆေးမှုကလည်း
လေးငါးပတ်ပဲ ကြာမှာပါ။ စစ်ဆေးမှုတွေပြီးရင် လုပ်ငန်းတွေ ပြန်စလို့ ရပါပြီ။ အဓိက
မြေတူးတာတွေ၊ အောက်ခံတိုင်တွေ ရိုက်တဲ့ အခါတွေမှာ အနီးနားမှာရှိတဲ့ ဘုရားတွေကို ထိခိုက်မှု
ရှိမရှိကို သေချာအောင် နောက်ထပ်တစ်ဆင့်အနေနဲ့ စစ်ဆေးခြင်းဖြစ်ပါတယ်"ဟု ၎င်းက
ပြောသည်။
ထို့ပြင် လုပ်ငန်းခေတ္တရပ်နားရမှုတွင် ပါ၀င်သည့် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြစ်သော Marga Lardmark
ဆောက်လုပ်ရေး ကုမ္ပဏီ၏ Dagon City စီမံကိန်းမှာမူ လူနေအဆောက် အအုံများ၏
အခန်းများရောင်းချနေသည်။
အခန်းဝယ်ယူသူများသည် ဆောက်လုပ်ရေး လုပ်ငန်းခေတ္တရပ်နားထားမှုအပေါ် စိုးရိမ်မှု
တစ်စုံတစ်ရာမှ မရှိကြောင်းနှင့် စီမံကိန်းကြီးသည် ရွှေတိဂုံစေတီတော်၏ မြင်ကွင်းကို ထိခိုက်မည့်
စီမံကိန်းမဟုတ်ဟု ကုမ္ပဏီ၏ ဥက္ကဋ္ဌ Stephen Suen က ပြောသည်။
"ဒီဖြစ်ရပ်က ဆောက်လုပ်ရေးလုပ်ငန်းတွေ လေးပတ်ကြာ ခေတ္တရပ်နားရတာပါ။ စီမံကိန်းတစ်ခုလုံး
ရပ်သွားရတာ မဟုတ်ပါဘူး။ ဒီလိုသတင်းတွေ ထွက်ပေါ်ခဲ့လို့လည်း ကျွန်တော်တို့ရဲ့
အခန်းဝယ်ယူသူတွေဆီက စိုးရိမ်တဲ့ အကြောင်းတွေ မကြားရပါဘူး။ ကျွန်တော်တို့ စီမံကိန်းကြီး
ကလည်း ရွှေတိဂုံဘုရားရဲ့ မြင်ကွင်းကို ကွယ်စေမယ့် လုပ်ငန်းမျိုး မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့
အမြင့်ဖြစ်တဲ့ ပင်လယ်ရေမျက်နှာပြင် ပေ ၁၉၀ အောက်ကိုပဲ ဆောက်မှာပါ။ ဒါက ပျမ်းမျှ
၁၂ ထပ်ပဲ ရှိပါတယ်"ဟု ၎င်းက ပြောသည်။
Marga Lardmark အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် အထပ်မြင့် အဆောက်အအုံ ကြီးကြပ်ရေး ကော်မတီ
လမ်းညွှန်ချက်များကို လိုက်နာ၍ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ကုမ္ပဏီက တရားဝင်
သတင်းထုတ်ပြန်ခဲ့သည်။
စီမံကိန်းအားလုံးသည် ရွှေတိဂုံစေတီတော်၏ ပတ်ဝန်းကျင်နှင့် မြင်ကွင်းများကို အခြေပြုကာ
ဖွံ့ဖြိုးမှုပြုလုပ်သည့် စီမံကိန်းများ ဖြစ်သည့်အတွက် ယခုကဲ့သို့ ဆောက်လုပ်ရေးပိုင်းများကို
အစိုးရက ပြန်လည် ဆန်းစစ်မှုများ ပြုလုပ်စေခြင်းကို ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့
(YHT) က ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
"YHT က အခုလိုဆုံးဖြတ်တာကို ကြိုဆိုပါတယ်။ ဒီဆုံးဖြတ်ချက်က ရန်ကုန်မြို့ရဲ့ အနာဂတ်ကို
ပုံဖော်တဲ့နေရာမှာ အရေးပါတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေက ရန်ကုန်မြို့တော်
စည်ပင်သာယာရေးအဖွဲ့ နဲ့ YHT အပါအဝင် တခြားမိတ်ဖွဲ့အဖွဲ့တွေ ကြိုးစားရေးဆွဲနေတဲ့
မြေအသုံးချမှုဇုန်နဲ့ မြို့ပြစီမံကိန်းဆိုင်ရာ ထိန်းချုပ်မှုတွေနဲ့ လိုက်လျောညီထွေမှု မရှိပါဘူး"ဟု
YHT မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အကြီးစား ဆောက်လုပ်ရေးလုပ်ငန်း အများစုသည် ယခုကဲ့သို့ လုပ်ငန်းစီမံကိန်းများကို
ရင်းနှီးမြှုပ်နှံရာတွင် လုပ်ငန်းစီမံကိန်း အဆိုပြုချက်များကို တင်ပြသည့်အခါ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးအဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်မှု မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၏ မြို့ပြစီမံကိန်း အကြံပေးဖြစ်သူ ဦးတိုးအောင် က ပြောသည်။
"ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို သွားကြတဲ့ ဆောက်လုပ်ရေး တော်တော်များများက
စည်ပင်သာယာရေးကော်မတီနဲ့ မတိုင်ပင်တာက များပါတယ်။ ကော်မရှင်က ခွင့်ပြုချက် ရပြီဆိုရင်
လုပ်ငန်းတွေလုပ်ကြပြီ။ စည်ပင်သာယာကိုတော့ လုပ်ငန်းအဆိုပြုချက် တင်ပါတယ်။ ဒါပေမဲ့
ဒီကိုတင်တဲ့ အဆိုပြုချက်က တစ်မျိုး၊ တကယ်အပြင်မှာ လုပ်နေတာကတစ်မျိုး ကွဲလွဲတာတွေ
ရှိပါတယ်။ အဲဒီအခါကျရင်တော့ ကျွန်တော်တို့ဘက်က သူတို့တွေနဲ့ ပြန်ဆွေးနွေးပါတယ်"ဟု
၎င်းက ပြောကြားသည်။
















