အိမ်အရောက် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းကို လာမည့် ဧပြီလမှ စတင်ဆောင်ရွက်မည်ဟု
ရောင်နီဦးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ပြောသည်။
"အိမ်တိုင်ရာရောက် ၀န်ဆောင်မှုကို အခုလာမယ့် ဧပြီလလောက်က စပြီးတော့ ရောင်နီဦး
အငှားယာဉ်အစီး ၁၀၀ ကျော်နဲ့ စပြီးတော့ အကောင်ထည်ဖော် ဆောင်ရွက်မယ်။ အဓိက
၀န်ဆောင်မှုပေးချင်တာက အိမ်တိုင်ရာရောက် ၀န်ဆောင်မှုပေးမယ်။ ၀န်ဆောင်မှုပေးနိုင်ဖို့
အတွက်ကို ရောင်နီဦးကုမ္ပဏီနဲ့ အိန္ဒိယနိုင်ငံအခြေစိုက် Dagon Logistics ကုမ္ပဏီတို့ပူးပေါင်း
ပြီးတော့ Hello Cabs လို့ အမည်ပေးထားတဲ့ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းကို စပြီးတော့
အကောင်ထည်ဖော် ဆောင်ရွက်သွားမှာပါ"ဟု ၎င်းက ပြောသည်။
၀န်ဆောင်မှုအတွက် တက္ကစီငှားရမ်းသူက Call Center သို့ ကြိုတင်ဆက်သွယ်ရမည်ဖြစ်ပြီး
ကုမ္ပဏီမှ အငှားယာဉ်ငှားရမ်းသူ လိပ်စာနှင့် အနီးပတ်ဝန်းကျင်တွင်ရောက် ရှိနေသည့် ကုမ္ပဏီပိုင်
အငှားယာဉ်ကို စေလွှတ်ပေးသွားမည်ဖြစ်သည်။
ထို့နောက် ယာဉ်ငှားသူ၏ မိုဘိုင်းဖုန်းသို့ အငှားယာဉ် နံပါတ်အပြင် ယာဉ်မောင်း၏ အမည်ကို
စာတိုပို့စနစ်ကို ပေးပို့သွားမည်ဖြစ်သည်။
"အဓိက ကားငှားမယ့်သူတွေ လုံခြုံစိတ်ချဖို့အတွက်ကို ကုမ္ပဏီက တာဝန်ယူသွားမှာပါ။
လမ်းပေါ်မှာ တားပြီးတော့ ငှားတာထက်စာရင် အများကြီးစိတ်ချရတယ်။ ဒီစနစ်ကို
အကောင်ထည်ဖော် ဆောင်ရွက်ဖို့အတွက်ကို ကားတွေမှာ GPS နဲ့ Black Box တွေကို
အသုံးပြုထားမယ်။ ဒီကားတွေကို ဂြိုဟ်တုကတစ်ဆင့် ထိန်းချုပ်ထားမှာပါ။
ကိုယ်ကားဘယ်ရောက်နေတယ်။ ဘာလုပ်နေတယ်ဆိုတာတွေကိုလည်း သိရှိနိုင်ပါတယ်။
ကားငှားတဲ့သူက ဖုန်းဆက်လိုက်ပြီးတာနဲ့ အဲဒီပတ်ဝန်းကျင်မှာ ဘယ်ကားရောက်နေတယ်
ဆိုတာကို ရှာဖွေပြီးတော့ အနီးဆုံးရှိတဲ့ ကုမ္ပဏီ က ကားကိုငှားရမ်းသူရှိတဲ့ နေရာရောက်အောင်
၀န်ဆောင်မှုပေးသွားမယ်" ဟု ဦးအောင်ဝင်းက ပြောသည်။
ထို့ပြင် ကားများကို မီတာတပ်ဆင်ထားမည်ဖြစ်ပြီး လေအေးပေးစက်ဖွင့်ကာ မောင်းမည်ဖြစ်သည်။
















