စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ရန် ယာဉ်စီးရေများစွာ ကျန်ရှိနေသေး

စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ရန် ယာဉ်စီးရေများစွာ ကျန်ရှိနေသေး

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် အငှားယာဉ်များကို စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ခြင်း၊
သက်တမ်းတိုးခြင်းများကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ မထသ(ဗဟို)က
တာဝန်ယူပြီးနောက် ယာဉ် ၆၃၀ စီးခန့် မှတ်ပုံတင်ခဲ့သော်လည်း မှတ်ပုံတင် ပြုလုပ်ထားခြင်း
မရှိသေးသည့်ယာဉ် များစွာ ကျန်ရှိနေသေးကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က
ပြောသည်။

"၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ရ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး
ကြီးကြပ်မှုကော်မတီက အငှားယာဉ်ကြီးကြပ်ရေးဆပ်ကော်မတီကို ပြင်ဆင် ဖွဲ့စည်းပြီး
တာဝန်ပေးအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ မြို့တော်စည်ပင်က လွှဲပြောင်းရယူတုန်းက စာရင်းအရ
၅၅,၁၃၁ စီးရှိတယ်။ ဒါပေမဲ့ အဲဒီစာရင်းက အမှန်လို့ ပြောလို့ မရဘူး။ ကျွန်တော်တို့
တာဝန်ယူပြီးနောက်မှာ ယာဉ်သစ် ၆၃၀ စီး စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ပြီးတော့ ၁,၁၁၂ စီး
သက်တမ်းတိုးထားတာ တွေ့ရတယ်"ဟု ဦးလှအောင်က ပြောသည်။

"စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ဖို့ ယာဉ်တွေ အများကြီးကျန်နေသေးတယ်။ တချို့ လည်း သိရဲ့ နဲ့
မတင်ဘူး။ ကျွန်တော်ကိုယ်တိုင် တက္ကစီစီးတုန်းက စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ထားတာ
မတွေ့လို့ ယာဉ်မောင်းကို မေးကြည့်တဲ့အခါ တခြားသူတွေလည်း မှတ်ပုံ မတင်ကြတော့
တင်မနေပါနဲ့တော့လို့ ယာဉ်ပိုင်ရှင်ကပြောတယ်လို့ ပြောတယ်။ အမှန်တကယ်ကတော့
ရန်ကုန်မြို့မှာရှိနေတဲ့ အငှားယာဉ်အကုန်လုံး စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ရမှာဖြစ်တယ်။
ဒါကြောင့် ယာဉ်မောင်းတွေရော ယာဉ်ပိုင်ရှင်တွေရော ရန်ကုန်မြို့ရဲ့ တက္ကစီအငှားယာဉ်လုပ်ငန်း
တိုးတက်ဖို့အတွက် ပူးပေါင်းပါ၀င်ကြဖို့ လိုတယ်" ဟု ဦးလှအောင်က ပြောသည်။

စီးတီးတက္ကစီ မှတ်ပုံတင်ခြင်းကို ယခင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက
တာဝန်ယူလုပ်ဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် မထသ(ဗဟို)သို့ လွှဲပြောင်းပေးမည်ဟု
သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင်မှ လွှဲပြောင်းနိုင်ခဲ့သည်။

လက်ရှိတွင် စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းများကို အရှေ့၊ အနောက်၊
တောင်၊ မြောက် ခရိုင်များ၌ ပြုလုပ်ပေးနေသည်။

စီးတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံတင်ရန်အတွက် ယာဉ်ပိုင်ဆိုင်မှု အထောက်အထား၊ ယာဉ်ပိုင်ရှင်
နေထိုင်သည့် မြို့နယ်၏ သန်းခေါင်စာရင်း၊ ယာဉ်မောင်းလိုင်စင်နှင့် မှတ်ပုံတင်မိတ္တူများ
လိုအပ်သည်။

မှတ်ပုံတင်ရန်အတွက် ကျပ် ၃,၀၀၀ ကျသင့်ပြီး စီးတီးတက္ကစီအဖြစ် ယာဉ်နှင့် ပတ်သက်သော
အချက်အလက်များကို ကွန်ပျူတာဖြင့် မှတ်တမ်းတင်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ စီးတီးတက္ကစီ
အမှတ်တံဆိပ်အဖြစ် ယာဉ်တွင် ဆေးဆွဲခြင်းတို့ကို ကုမ္ပဏီတစ်ခုက တာဝန်ယူထားပြီး
ကျပ် ၁၁,၅၀၀ ခန့်ကျသင့်သည်။

"ဒီလို ကုန်ကျစရိတ်က ယာဉ်ပိုင်ရှင်တွေအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေလို့လားဆိုပြီး ကျွန်တော်တို့
ပြန်သုံးသပ်နေပါတယ်။ ပြီးရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တင်ပြပြီး တော့လျှော့ချမှာ
ဖြစ်ပါတယ်။ ပြီးတော့ စောင့်ရတဲ့အချိန်ကြာတာကလည်း သူတို့အတွက် အဆင်မပြေဘူးဆိုရင်
ကျွန်တော်တို့ အားလုံးကို တတ်နိုင်သလောက် လျှော့ချပေးသွားဖို့ ရှိပါတယ်"ဟု ဦးလှအောင်က
ပြောသည်။

စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ထားခြင်း မရှိသည့်ယာဉ်များကို ၁၉၆၄ ခုနှစ်မော်တော်ယာဉ်
ဥပဒေအရ ကညနနှင့် ယာဉ်ထိန်းရဲတပ် ဖွဲ့တို့မှ ပူးပေါင်းကာ အရေးယူသွားမည်ဟု သိရသည်။

မထသအနေဖြင့် ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေ မပေါ်ထွက်ခင်အထိသာ
ဆောင်ရွက်သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး