ရန်ကုန်မြို့တွင် လမ်းများကို ပြုပြင်ခြင်းနှင့် အသစ်ခင်းခြင်းများဆောင်ရွက်ရာ၌ တာဝန်ယူ
တည်ဆောက်သူ အင်ဂျင်နီယာ၏ အမည်ကို လမ်းတစ်နေရာတွင် ကမ္ပည်းထိုးထားမည့် စနစ်ကို
စတင်အကောင်အထည်ဖော်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်
ဦးခင်လှိုင်က ပြောသည်။
"လုပ်ခဲ့တဲ့ လမ်းတွေမှာ အမှတ်အသား တစ်ခါတည်း လုပ်သွားမယ်။ အရည်အသွေး မမီရင်
ဒီလမ်းကို ဘယ်သူလုပ်ထားခဲ့တာလဲဆိုတာ ကျွန်တော်ပြန်ကြည့်မယ်။ အင်ဂျင်နီယာ ဘယ်သူလဲ။
အဲဒီသူ ပြန်ခေါ်ပြီးတော့ အလကား ပြန်လုပ်ခိုင်းမယ်။ အဲဒီအခါကျတော့မှ ဟိုလိုလို ဒီလိုလို
မလုပ်နဲ့၊ မရဘူး" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ဦးခင်လှိုင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက ကျင်းပခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး
မြို့တော်အဆင့် စည်ပင်ကော်မတီဝင်အဖြစ် လွန်ခဲ့သည့် တစ်လက စတင်၍
တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
ယခုကဲ့သို့ ပြုလုပ်သည်မှာ ၎င်းအနေဖြင့် မြို့တော်စည်ပင်တွင် ကနဦးပြုပြင်ပြောင်းလဲမှု ပြုလုပ်ခြင်း
ဖြစ်သည်ဟုလည်း ပြောသည်။
"နောင်ကျရင် အဲဒီလမ်းကို လုပ်သွားတဲ့ ကန်ထရိုက်ရဲ့ ဖုန်းနံပါတ်ပါ ထည့်သွားမယ်။ ပြီးတော့
ဒီလမ်းလုပ်တာ ငွေဘယ်လောက် ကုန်ပါတယ်ဆိုတာလည်း ထည့်မယ်။ အဲဒါဆို လူတွေလည်း
အကုန်သိသွားတာပေါ့" ဟု ၎င်းက ပြောသည်။
မြို့တော်စည်ပင်၏ ရန်ကုန်အနောက်ပိုင်း ခရိုင်မှ ခရိုင်အဆင့်ကော်မတီဝင် ဦးတင်စိန် ကလည်း
ယခုကဲ့သို့ လမ်းခင်းသူ တာဝန်ခံ အင်ဂျင်နီယာကို မှတ်တမ်းရေးထိုးမည့် လုပ်ရပ်ကို
ထောက်ခံကြောင်း ပြောသည်။
"ကောင်းတဲ့ အစီအစဉ်ပါ။ ဒီလိုလုပ်လိုက်ရင် လမ်းအရည်အသွေးတွေအတွက် ပိုပြီး
ကောင်းလာမယ်လို့ ထင်ပါတယ်" ဟု ၎င်းက ပြောသည်။
၂၀၁၀ ပြည့်နှစ်မှ ယနေ့အချိန်အထိ ရန်ကုန်မြို့တွင် လမ်းတံတားများ ခင်းကျင်းခဲ့မှု၊ ပြုပြင်ခဲ့မှုများကို
၎င်းတို့ အထက်ပိုင်းကော်မတီဝင်များ ရရှိထားသည့် စာရင်းဇယားများနှင့် မြေပြင် အခြေအနေ
ကွာခြားချက်များကိုပါ သိရှိနိုင်ရန် လုပ်ဆောင်နေသည်ဟု ဦးခင်လှိုင် ကပြောသည်။
မြို့နယ်အဆင့် စည်ပင်ကော်မတီဝင်များထံသို့ စာရင်းမှတ်တမ်းများ ပေးအပ်ကာ
ကွင်းဆင်းကြည့်ရှုစေပြီး လက်တွေ့နှင့် တိုက်ဆိုင်၍ စစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်သည်ဟု
၎င်းကပြောသည်။
















