ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းရှိ ဘလုပ်ညွန့်ရပ်ကွက်တွင် ယခုလ ၁၆ ရက်နေ့
ညက အိမ်ခြေ ၁၆၇ လုံး မီးလောင်ကျွမ်းခဲ့မှုတွင် ကျပ် ၂၃၉ သိန်းဖိုးခန့် ဆုံးရှုံးခဲ့ရကြောင်း
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
"မီးလောင်တဲ့နေရာကို အချိန်မီ မီးငြိှမ်းသတ်နိုင်ဖို့အတွက် လှိုင်မြစ်ကူးတံတားဘက်ကနေ
မီးသတ်ကားတွေ သွားကြတယ်။ ဟိုရောက်တော့ မီးသတ်ကားတွေ ရပ်ကွက်ထဲကို ၀င်လို့မရဘူး။
ရပ်ကွက်က လမ်းတွေက ကားဝင်လို့ မရအောင် ကျဉ်းတဲ့အတွက်ကြောင့် မီးသတ်ရတဲ့နေရာမှာ
အခက်အခဲတွေရှိတယ််" ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
မီးဘေးဒုက္ခသည်များအတွက် ကန်သာအေး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် ခါတော်မှီ
ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားသည်။
"မီးလောင်တဲ့ ရပ်ကွက် အနောက်ဘက်အထိကို မီးသတ်ကားတွေ ရောက်လာနိုင်တယ်။
မီးသတ်ကားအစီး ၄၀ လောက်တော့ ရှိမယ်။ ဒါပေမဲ့ ရပ်ကွက်တွေက မီးသတ်ကား သွားလို့မရတဲ့
လမ်းတွေ ဖြစ်တဲ့အတွက်ကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေ မီးငြှိမ်းသတ်တဲ့ အခါမှာတော့
အခက်အခဲတွေ ဖြစ်ရတယ်။ ရပ်ကွက်က လှိုင်မြစ်ဘေးမှာ ရှိတဲ့အတွက်ကြောင့် လှိုင်မြစ်ထဲက
ရေတွေနဲ့ ရေကြောင်း မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်မှုတွေ ပြုလုပ်ရတာတွေရှိတယ်။
အခုလောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာ မီးဘေးကယ်ဆယ်ရေးစခန်း ဖွင့်ထားပါတယ်။
လိုအပ်တဲ့ ထောက်ပံ့မှုတွေ အတွက်ကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့
လူမှုရေးအဖွဲ့ အစည်းတွေက လာရောက်လှူဒါန်းတာတွေ လုပ်နေတယ်" ဟု
ကြည့်မြင်တိုင်မြို့မရဲစခန်း က ရဲမှူးစိုးသင်က ပြောသည်။
















