လူငယ်များကြား ရေပန်းစားနေသည့် စိတ်ကြွဆေးပြားများကို ပိုမိုဖမ်းဆီးနေ

လူငယ်များကြား ရေပန်းစားနေသည့် စိတ်ကြွဆေးပြားများကို ပိုမိုဖမ်းဆီးနေ

လူငယ်ထုအတွင်း ထိုးဖောက်ဝင်ရောက်နေသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို အချိန်နှင့်
တစ်ပြေးညီဖမ်းဆီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသလို အသိပညာပေး
ဟောပြောပို့ချမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း မူးယစ်ဆေးဝါး တပ်ဖွဲ့စု ၄၂ မှ
တပ်ဖွဲ့စုမှူး ရဲမှူးခင်မောင်သိန်း က ပြောကြားသည်။

"ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ လူငယ်စုတွေထဲမှာ ထိုးဖောက်ဝင် ရောက်နေတဲ့
စိတ်ကြွဆေးပြားတွေကို တပ်ဖွဲ့ဝင်အင်အားတွေ တိုးချဲ့ပြီးတော့ အရင်ကထက်ပိုပြီးတော့
ဖမ်းဆီးအရေးယူ လာနိုင်တယ်။ လူငယ်ထဲမှာဖြစ်နေတဲ့ စိတ်ကြွဆေးပြားတွေနဲ့ ပတ်ပြီးတော့
ပြောချင်တာက လူငယ်အများစုက တစ်ယောက်နဲ့တစ်ယောက် အမှားတွေကို လက်ဆင့်ကမ်းပြီး
လုပ်နေကြတယ်။ ဒီစိတ်ကြွဆေး ပြားသုံးလိုက်ရင် လန်းတယ်၊ မအိပ်ချင်ဘူး၊ ကခုန်လို့
ကောင်းတယ်ဆိုတဲ့ အပြောတွေက လတ်တလော မှန်ပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို
မသိဘူး။ အဲဒါကြောင့် အသိပညာပေးမှုတွေ အဆက်မပျက် လုပ်နေတယ်။ မူးယစ်ဆေးဝါးကြောင့်
ဦးနှောက်ကို အလုပ်များစေတယ်။ အသုံးများရင်နောက်ဆုံး ရူးသွားမယ်။ အဲဒါကြောင့်
စိတ်ကြွဆေးပြားလို့ ခေါ်တာပါ။ ခဏတာ ကောင်းတာကို ကြည့်ပြီးတော့ သုံးစွဲလာတယ်။
ခန္ဓာကိုယ်ပိုင်းမှာ စိတ်ကြွဆေးပြား သုံးလိုက်ရင် အက်စစ်ကို ရှူလိုက်တာနဲ့ တူတယ်။ ခန္ဓာကိုယ်
အပူရှိန်မြင့်လာမယ်။ မွေးညင်းပေါက် ကျယ်လာမယ်။ အရေပြား ပျက်ဆီးမယ်။ သွားတွေ
ပျက်စီးမယ်။ အဆိပ်အတောက် ၀င်သွားတဲ့ အတွက်ကြောင့် အသည်းက အင်ဇိုင်းတွေ
ထုတ်ရမယ်။ ကျောက်ကပ် ပျက်ဆီးလာမယ်။ ခဏတာ ခံစားမှုကို မကြည့်ဘဲနဲ့ ရေရှည်
ရုပ်ပိုင်းဆိုင်ရာကို ကြည့်ပါလို့ ပြောချင်တယ်" ဟု ၎င်းက ပြောသည်။

"လက်ရှိ မူးယစ်ဆေးဝါးတွေ အလွယ်တကူ ၀ယ်ယူလို့ ရတယ်လို့ သတင်းဂျာနယ်တွေမှာ
ရေးလာတာတွေ့ရတယ်။ အဲဒါက မူးယစ်ဆေးဝါးတော့ မဟုတ်ဘူး။ အိမ်သုံးဆေးဝါးတွေထဲက
တားမြစ်ဆေးတွေပါ။ မူးဝေထုံထိုင်းစေတဲ့ တားမြစ်ဆေးတွေကို လူငယ်တွေ အလွယ်တကူ
၀ယ်ယူပြီး သုံးစွဲနေကြတာဖြစ်ပါတယ်။ ဒီတားမြစ်ဆေးတွေ ရောင်းချတဲ့ ဆိုင်တွေကိုလည်း
အရေးယူနေပါတယ်။ မူးယစ်ဆေးဝါး အလွယ်တကူ ၀ယ်ယူလို့ ရတယ်ဆိုရင် သက်ဆိုင်ရာကို
သတင်းပေးပါ။ ချက်ခြင်းဖမ်းဆီးအရေးယူ သွားမှာပါ"ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်တပ်ဖွဲ့စု ခြောက်စုဖြင့် အရှိန်အဟုန်မြှင့် ဖမ်းဆီးလာခြင်း
ကြောင့် ယခင်ကထက် ဖမ်းဆီးလာနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၀၅ ခုနှစ် မူးယစ်ဆေးဝါးဖမ်းဆီးမှု ၂၃၅ မှု၊ ၂၀၀၆ ခုနှစ် ၂၂၄ မှု၊
၂၀၀၇ ခုနှစ် ၁၇၇ မှု၊ ၂၀၀၈ ခုနှစ် ၂၁၂ မှု၊ ၂၀၀၉ ခုနှစ် ၂၁၀ မှု၊ ၂၀၁၀ ပြည့်နှစ် ၂၅၉ မှု၊
၂၀၁၁ ခုနှစ် ၃၁၇ မှု၊ ၂၀၁၂ ခုနှစ် ၃၂၆ မှု၊ ၂၀၁၃ ခုနှစ် ၂၈၆ မှုနှင့် ၂၀၁၄ ခုနှစ် ၄၃၆ မှု ရှိခဲ့သည်။

"မူးယစ်ဆေးဝါး ဖမ်းဆီးတဲ့အထဲမှာ စိတ်ကြွဆေးပြား အများဆုံးပါတယ်။ ဆေးခြောက်လိုမျိုး
အရွက်ခြောက် ဖမ်းဆီးတာ ကနည်းတယ်။ မူယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အသိပညာပေး
ဟောပြောမှုတွေကို ရန်ကုန် က စာသင်ကျောင်းတွေမှာလည်း လုပ်တယ်။ နောက်ပြီး
ခရိုင် လေးခရိုင်မှာ ရှိတဲ့ မြို့နယ်တွေမှာ လူစည်ကားတဲ့ နေရာတွေမှာလည်း ပိုစတာတွေ
စိုက်ထူပြီး အသိပညာပေးမှုတွေ ဆောင်ရွက်နေပါပြီ"ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့
တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး