ရှေ့နေများကွန်ရက်က စုပေါင်းရုံးကိစ္စ ထပ်မံတရားစွဲမည်

ရှေ့နေများကွန်ရက်က စုပေါင်းရုံးကိစ္စ ထပ်မံတရားစွဲမည်

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်နှင့် မြို့နယ်ရုံးများ ပါ၀င်သည့်
စုပေါင်းရုံးဟု လူသိများခဲ့သော အဆောက်အအုံကို ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အဖြစ်
ပြင်ဆင်ဖွင့်လှစ်ရန် Flying Tiger ကုမ္ပဏီကို ၂၀၁၂ ခုနှစ်တွင် လုပ်ကိုင်ခွင့်ပေးလိုက်သည့်အတွက်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့အပြင် လုပ်ကိုင်ခွင့်ရ
ကုမ္ပဏီကိုပါ တတိယအကြိမ် တရားစွဲဆိုရန် တင်ပြသွားမည်ဟု တရားလွှတ်တော် ရှေ့နေ
ဦးစိုးတင့်ရီက ပြောသည်။

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်သည် အဆိုပါတရားစွဲဆိုမှုကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလက
တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလက တစ်ကြိမ် ရန်ကုန်တိုင်းဒေသကြီးတရား လွှတ်တော်သို့
အမှုလျှောက်ထားခဲ့သော်လည်း တရားရုံးက အကြောင်းပြချက်မပေးဘဲ အမှုကို လက်မခံခဲ့သည့်
အတွက် အမှုလျှောက်လဲချက်ကို ပိုမိုပြည့်စုံစွာဖြင့် တတိယအကြိမ်အဖြစ် ယခုလ သို့မဟုတ်
နောက်လအတွင်း လျှောက်သွားမည်ဟု ၎င်းက ပြောသည်။

ထိုသို့ လုပ်ကိုင်ခွင့်ပေးလိုက်မှုကို တိုင်းဒေသကြီးအစိုးရနှင့် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို
ဆန္ဒပြကန့်ကွက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း အကြောင်းမထူး လာသဖြင့် သီးခြားသက်သာခွင့်
ဥပဒေ ပုဒ်မ ၄၂ ဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် Flying Tiger ကုမ္ပဏီသည် အဆောက်အအုံကို ပြန်လည်ပြင်ဆင်ခြင်း
လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ရာ ဒီဇိုင်းပိုင်း ၈၀ ရာခိုင်နှုန်းကျော်အထိ ပြီးစီးနေပြီဖြစ်သည့်
အပြင် ရှေးဟောင်းလက်ရာမပျက်မယွင်း မထိခိုက်စေရန် လိုက်နာရမည့် အမွေအနှစ်
တန်ဖိုးဆန်းစစ်တင်ပြရန် လိုအပ်သည့် စီမံမှုအစီအစဉ် (Conservation Management Plan) ကို
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံ တင်ပြပြီးဖြစ်ကြောင်း ကုမ္ပဏီ၏
မန်နေဂျင်းဒါရိုက်တာ ဦးသောင်းထိုက်က ပြောသည်။

"ကျွန်တော်တို့က နိုင်ငံကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်တာဖြစ်တဲ့အတွက်
တရားစွဲဆိုမှုတွေ ဖြစ်လာတဲ့အခါ အခုလုပ်နေတဲ့ လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်လာမယ်လို့
မထင်ပါဘူး။ တင်ဒါခေါ်တုန်းက ရှေ့နေချုပ်ရုံးက လူတွေလည်းပါတယ်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က
တရားဝင် တင်ဒါခေါ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ က ကြီးကြပ်ပေးနေတဲ့အတွက် မထိခိုက်နိုင်ပါဘူး"
ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး