ရန်ကုန်မြို့ရှိ လူဦးရေအနည်းဆုံး ၁၀ မြို့နယ်၌ မဲစာရင်း အကြိုကပ်မည်

ရန်ကုန်မြို့ရှိ လူဦးရေအနည်းဆုံး ၁၀ မြို့နယ်၌ မဲစာရင်း အကြိုကပ်မည်

ရန်ကုန်တိုင်းဒေသကြီးရှိ လူဦးရေအနည်းဆုံး ၁၀ မြို့နယ်၌ ကောက်ယူထားသော အခြေခံ
မဲဆန္ဒရှင်စာရင်းကို မတ်လ ၃၀ ရက်နေ့တွင် အကြိုသဘောဖြင့် ကပ်သွားမည်ဖြစ်သည်ဟု
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးကိုကိုက မြန်မာတိုင်း(မ်)ကို ပြောသည်။

"မတ်လ ၃၀ ရက်နေ့လောက်ကစ ကပ်မယ်။ နှစ်ပတ်ကပ်မယ်။ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊
ဆိပ်ကြီးခနောင်တို၊ ဆိပ်ကမ်း၊ ဒဂုံ၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်နဲ့ ကမာရွတ်မြို့နယ်
တွေမှာ ကပ်မယ်" ဟု ၎င်းက ပြောသည်။

"မဲစာရင်းတွေကို နေ့စဉ် မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ နေ့တိုင်း ကပ်ထားမယ်။
မတ်လ ၃၀ ရက်နေ့ကနေ နောက်ထပ် ၁၄ ရက် အထိပေါ့။ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ရုံးတွေမှာ
သွားကြည့်လို့ ရပါတယ်" ဟု ၎င်းက ပြောကြားသည်။

ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲ ရုံးများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် တွဲ၍
ဖွင့်လှစ်ထားသည်။

တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်သည် မတ်လ ၃ ရက်နေ့ကလည်း ရွေးကောက်ပွဲ
စောင့်ကြည့်ဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀ ခန့်နှင့် တွေ့ဆုံခဲ့ပြီး အကြိုမဲစာရင်း ကပ်သည့်
ကာလအတွင်း ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့သည်။

"ကျွန်မတို့အဖွဲ့ အနေနဲ့ကတော့ မဲစာရင်းနဲ့ ပတ်သက်ပြီး ပညာပေးတဲ့ အခန်းကဏ္ဍမှာ
အွန်လိုင်းကနေတစ်ဆင့် ပညာပေးဖို့ စီစဉ်ထားပါတယ်။ ပေ့ချ်တစ်ခုဖွင့်ပြီး မဲစာရင်းဘယ်မှာ
ကြည့်လို့ရမလဲ။ မပါရင်၊ မှားနေရင် ဘယ်လိုပြင်ရမလဲဆိုတာတွေကို ဖေ့စ်ဘွတ်ကနေတစ်ဆင့်
ကမ်ပိန်းသဘောမျိုးနဲ့ ပညာပေးသွားပါ့မယ်။ အဓိကက မဲပေးလို့ရတဲ့ လူငယ်၊ လူရွယ်တွေ
အတွက်ပေါ့"ဟု တွေ့ဆုံပွဲတွင် ပါ၀င်သည့် Myanmar ICT for Development Organization
(MIDO) မှ ဒေါ်ရတနာထွန်း က ပြောသည်။

တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ကလည်း သီးခြားအနေဖြင့် အများပြည်သူ
သိရှိလာအောင် အသိပေးလှုံ့ဆော်သွားမည် ဖြစ်သည်ဟု ဦးကိုကိုက ဆိုသည်။

"ဂျာနယ်တချို့မှာ ဒီတစ်ရက်၊ နှစ်ရက်ဆိုရင် ဆောင်းပါးတွေရေးတော့မယ်။ နောက် ကျွန်တော်တို့
City FM သုံးဖို့ စဉ်းစားထားတယ်"ဟု ၎င်းက ပြောသည်။

တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အခြေခံ မဲဆန္ဒရှင်
စာရင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေအနည်းဆုံး ၁၀ မြို့နယ်တွင် စတင်ကောက်ခံခဲ့ပြီး
လက်ရှိအချိန်တွင် လူဦးရေအများဆုံး ၁၄ မြို့နယ်ကို ဒုတိယအဆင့် ကောက်ခံလျက်ရှိသည်။

တတိယအဆင့်အနေဖြင့် လူဦးရေသိပ်သည်းဆ အလယ်အလတ်ရှိသည့် ၂၁ မြို့နယ်၌
ယခုလကုန်တွင် စတင်ကောက်ယူမည်ဖြစ်သည်။

"ကျွန်မတို့အဖွဲ့က CSO ၁၀ ဖွဲ့ပေါင်းပြီး ပညာပေးတာလုပ်သွားမှာပါ။ ဗိုလ်တထောင်မြို့နယ်မှာ
ကျွန်မတို့ တာဝန်ယူသွားမှာပါ။ Edutainment ပုံစံမျိုးနဲ့ ပညာပေးသွားမယ်။ ပြဇာတ်တိုလေး
တွေကို ပန်းခြံလေးတွေမှာပဲ ပြသသွားဖို့ရှိပါတယ်"ဟု Peace and Justice Myanmar အဖွဲ့မှ
ဒါရိုက်တာ ဒေါ်ရွှေရည်ဝင်း က မြန်မာတိုင်း(မ်)ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး