ရန်ကုန် မြို့ပတ်ရထားဘူတာ အချို့၌ ကွန်ပျူတာစနစ်ဖြင့် လက်မှတ်ရောင်းမည်

ရန်ကုန် မြို့ပတ်ရထားဘူတာ အချို့၌ ကွန်ပျူတာစနစ်ဖြင့် လက်မှတ်ရောင်းမည်

ရန်ကုန်ဘူတာကြီးအပါအဝင် ခရီးသည်အသုံးပြုမှုများသည့် မြို့ပတ်ရထား ဘူတာ ၁၅ ခုတွင်
ကွန်ပျူတာစနစ်ဖြင့် လက်မှတ်ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ သွားလာရေးမှ
ဒုတိယအထွေထွေမန်နေဂျာ ဦးတင့်ဝေက ပြောသည်။

"လူအသွားအလာများတဲ့ ဘူတာတွေမှာ အရင်စလုပ်မယ်။ ရည်ရွယ်ချက်ကတော့ ခရီးသည်တွေ
တိုးဝှေ့ပြီးလက်မှတ် ၀ယ်စရာမလိုအောင်၊ မြန်သွားအောင် နှစ်ခုခွဲရောင်းပေးတဲ့ သဘောပါပဲ" ဟု
ဦတင့်ဝေက ပြောသည်။

ကွန်ပျူတာစနစ်ဖြင့် လက်မှတ်ရောင်းချခြင်းကို ယခုလအတွင်း စတင်သွားမည်ဖြစ်ကာ ပြည်တွင်း
ကုမ္ပဏီတစ်ခုဖြစ်သည့် Internet Wallet ကုမ္ပဏီမှ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကွန်ပျူတာစနစ်နဲ့ ရောင်းချပေးမယ် ဆိုပေမယ့် ကုမ္ပဏီကလည်း သူတို့ ၀န်ထမ်းနဲ့ ရောင်းမယ်။
ကျွန်တော်တို့ကလည်း နဂို ရောင်းနေကျအတိုင်း ရောင်းပေးသွားမှာပါ။ လက်မှတ်ရောင်းတဲ့
နေရာကိုတော့ ကုမ္ပဏီ က သူ့ဘာသူ လုပ်မှာဖြစ်ပါတယ်။ သာမန် ရောင်းတာမျိုးနဲ့
သိပ်ကွာခြားမှာ မဟုတ်သလို လက်မှတ်ဈေးနှုန်းလည်း ပုံမှန်ပဲဖြစ်မှာပါ။ ခရီးသည် ၀ယ်ချင်တဲ့
နေရာမှာဝယ်လို့ ရပါတယ်"ဟု ဦးတင့်ဝေက ပြောသည်။

မြို့ပတ်ရထားဘူတာ ၅၅ ခုရှိသည့် အနက် ကွန်ပျူတာစနစ်ဖြင့် လက်မှတ်ရောင်းခြင်းကို
စတင်ကျင့်သုံးသွားမည့် ဘူတာများမှာ ရန်ကုန်ဘူတာကြီး၊ ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊
တိုးကြောင်ကလေး၊ ဘုရားလမ်းဘူတာ၊ အင်းစိန်၊ တညင်းကုန်း၊ လှော်ကား၊ မင်္ဂလာဒုံ၊
တံတားလေး၊ လှည်းတန်း၊ ကြည့်မြင်တိုင်၊ ပရွက်ဆိတ်ကုန်းနှင့် သမိုင်းဘူတာတို့ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး