ရွှေပြည်သာစက်မှုဇုန်အတွင်းရှိ အီလန် မြန်မာအထည်ချုပ်စက်ရုံရှေ့တွင် အလုပ်သမား
၁,၀၀၀ ကျော်သည် လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် သပိတ်စခန်းဖွင့် ဆက်လက်
တောင်းဆိုခဲ့သော်လည်း တစ်လခန့် ကြာမြင့်သည်အထိ ပြေလည်မှု မရှိသေးသဖြင့်
မတ် ၄ ရက်နေ့တွင် လုပ်သား ၁၀၀ ခန့် ချီတက်ဆန္ဒပြခဲ့ကြသည်။
အစိုးရက ဖွဲ့စည်းပေးထားသော အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဒုဝန်ကြီး
ဦးထင်အောင် ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေး
အဖွဲ့နှင့် ၁၀ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သော်လည်း ပြေလည်မှုမရသေးဘဲ မတ်လ ၃ ရက်နေ့က
အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲထပ်မံ ပြုလုပ်ခဲ့သော်လည်း
အဖြေမထွက်ခဲ့ကြောင်း သိရသည်။
"ဒီလိုလှုပ်ရှားမှုကို မဖြစ်မနေလုပ်ရတာပါ။ ထိုင်နေလည်း တရားစွဲခံရတော့ မယ့်အတူတူ ထပြီး
ဆန္ဒပြမယ်။ တရားစွဲချင်လည်းစွဲ ဆိုပြီးတော့ ကျွန်မတို့ တစ်တွေညှိပြီး ထွက်ဆန္ဒပြတာပါ"ဟု
အလုပ်သမ မအေးစန္ဒာဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ဆန္ဒပြအလုပ်သမားများသည် ၎င်းတို့ သပိတ်စခန်းမှ ရန်ကုန်မြို့တော်ခန်းမအထိ ချီတက်မည်ဟု
ရည်ရွယ်ကာ နံနက် ၈ နာရီကျော်တွင် စတင်ထွက်ခွာလာခဲ့သော်လည်း တစ်နာရီကျော်ကြာ
လမ်းလျှောက်အပြီး အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံ၊ အမှတ်(၄)လမ်းမကြီးသို့ အရောက်တွင်
ရဲအင်အား ၃၀၀ ခန့်က ရှေ့နောက်ညှပ်၍ ပိတ်ဆို့လိုက်သည်။
ယခုဆန္ဒပြသူ အလုပ်သမားများသည် သပိတ်မှောက်သည့် စက်ရုံသုံးရုံအနက် ဖို့ဒ်ဂလိုရီနှင့်
ကော့စတက် အထည်ချုပ်စက်ရုံနှစ်ခုမှ အလုပ်သမားအချို့ဖြစ်ကြပြီး ကျန်အလုပ်သမားများမှာမူ
စက်မှုဇုန်က အထည်ချုပ်စက်ရုံရှေ့ သပိတ်စခန်း၌ ကျန်ရစ်ခဲ့ကြသည်ဟု လုပ်သားများက
ပြောကြားသည်။
အဆိုပါ အလုပ်သမားသပိတ်စခန်းသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲအရာရှိများက လူစုခွဲပေးရန်
အကြိမ်ကြိမ် လာရောက်ပြောဆိုသည်ကို တွေ့ရပြီး ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့်
လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း ကိုယ်တိုင်လည်း သပိတ်လှန်ရန် လာရောက်ပြောဆိုခဲ့သည်။
သို့သော် အလုပ်သမားများဘက်ကမူ သုံးရက်အတွင်း ၎င်းတို့တောင်းဆိုသည့် လုပ်ခလစာကို
တိုးမြှင့်ပေးမည်ဟု လက်မှတ်ရေးထိုး ကတိကဝတ်ပြုမှသာ မူလသပိတ်စခန်းသို့ ပြန်မည်ဖြစ်ပြီး
ထိုကတိမပေးနိုင်ပါက ယခုနေရာ၌ပင် သပိတ်စခန်းတစ်ခု ထပ်မံဖွင့်လှစ်ပြီး ဆန္ဒပြနေတော့မည်ဟု
တုံ့ပြန်ပြောကြားခဲ့သည်။
ယခုလက်ရှိတွင် ကော့စတက်နှင့် အီလန်မြန်မာအထည်ချုပ်စက်ရုံတို့၏ အလုပ်သမား သမဂ္ဂ
ဥက္ကဋ္ဌနှစ်ဦးနှင့် သပိတ်မှောက် အလုပ်သမားများအား ကူညီသူတစ်ဦးကို အစိုးရက
နိုင်ငံဆူပူအောင် ပြုလုပ်မှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားသည်။
















