မြောက်ဥက္ကလာပမြို့နယ်၌ အုပ်စုဖွဲ့ကာ လူသတ်မှု ကျူးလွန်ခဲ့ကြသူများအနက် ကျန်ရှိသူ
၁၅ ဦးကို မြောက်ပိုင်းခရိုင်တရားရုံးက သေဒဏ်ကျခံရန် မတ်လ ၅ ရက်နေ့တွင်
အမိန့်ချမှတ်ခဲ့သည်။
အဆိုပါအမှုကို အမိန့်ချမှတ်ရန် ဖေဖော်ဝါရီ ၂၈ ရက်တွင် ချိန်းဆိုထားခဲ့သော်လည်း တရားသူကြီး
အစည်းအဝေးတက်ရောက်ရန် ရှိသဖြင့် မတ် ၅ ရက်သို့ ပြောင်းလဲ ချိန်းဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမိန့်ချမှတ်သည့်နေ့က တရားရုံးတွင် ရဲတပ်ဖွဲ့က လုံခြံုရေး တိုးမြှင့်ထားခဲ့သည်။
"ညနေ ၄ နာရီလောက်မှ တရားခံကို ရဲတပ်ဖွဲ့ လုံခြုံရေးအင်အားသုံးပြီးတော့ ထုတ်လာတယ်။
အမိန့်ချမယ့်သူများတော့ တရားခွင် ပြောင်းထားတယ်။ တရားသူကြီးကတော့ ဒီအမှုကို
စစ်ဆေးနေတဲ့ တရားသူကြီးပါပဲ။ တရားခံမထုတ်ခင် တရားသူကြီးနဲ့ နှစ်ဖက်အကျိုးဆောင်
ရှေ့နေတွေ တရားခွင်ထဲ ရောက်နေတယ်။ တရားခံခွင်ကျဉ်းတော့ ထိုင်ခုံစားပွဲတွေ နေရာရွှေ့တာ
တွေလုပ်တယ်။ နယ်ထိန်းအရာရှိကတော့ တရားခွင်ကို အခေါက်ခေါက်အခါခါ ၀င်ကြည့်တယ်။
သေဆုံးသူ ကိုကျော်မင်းရဲ့ မိသားစု ရောက်လာခဲ့ပေမယ့် ပြစ်မှုကျူးလွန်သူတွေဘက်က
အင်အားကြီးတော့ တရားရုံးနားကို ကပ်လို့ မရဘူး။ ခါတိုင်း ရုံးချိန်းတွေမှာ စောင်းမြောင်း
ဆဲဆိုတာတွေ ရှိတဲ့အတွက်ကြောင့် အမှုစစ်ဆေးမှုတွေ ကြန့်ကြာတယ်လို့ပြောတယ်" ဟု
သတင်းသွားယူခဲ့သူ သတင်းထောက် ကိုမိုးကြိုးက ပြောသည်။
အမှုဖြစ်ပွားပုံမှာ ၂၀၁၁ ခုနှစ်၊ နို၀င်ဘာ ၁၇ ရက် ည ၈ နာရီ ၁၅ မိနစ် အချိန်ခန့်တွင်
မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက် နွယ်သာဂီ (၆) လမ်းထိပ်ရှိ အရက်ဆိုင်တွင်
နွယ်သာဂီ (၈) လမ်းနေ ကျော်မင်း (၃၂ နှစ်) ကို မျက်နှာဖုံးစွပ်ထားသူများက ၀ုိင်းဝန်း
ရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့မှုကို အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည်။
အရှေ့ပိုင်းခရိုင် တရားရုံးက အမှုကို စစ်ဆေးနေစဉ် လုံခြံုရေးအရ အရှေ့ပိုင်း ခရိုင်တရားရုံး
စီရင်ပိုင်ခွင့် တူညီသည့်သင့်တော်ရာ တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးခွင့်ပြုပါရန် သက်ဆိုင်ရာက
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လအတွင်း
လျှောက်ထားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၏ ပြောင်းရွှေ့ စစ်ဆေးခွင့် အမိန့်အရ အင်းစိန်မြို့နယ်
မြောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးပြောင်းစစ်ဆေးခဲ့သည့် အမှုဖြစ်သည်။
မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးကြားနာခဲ့ပြီး ၂၃ ဦးကို လူသတ်မှု ကြိုတင်ကြံရွယ်ချက်ဖြင့်
ပူးပေါင်းကျူးလွန်ခဲ့ကြသည့်ဆိုကာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂(၁) (ခ)/၃၄ အရ
စွဲချက်တင်ခဲ့ပြီး ၎င်းတို့အနက် ၁၆ ဦးတို့က မကျေနပ်၍ ရန်ကုန်တိုင်းဒေသကြီး
တရားလွှတ်တော်သို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ တရားလွှတ်တော်က ကြားနာပြီး ရှစ်ဦးကို ခိုင်လုံမှု
မရှိဟုဆိုကာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၅၃ အရ တရားရှင်လွှတ််ခဲ့သည်။
"တရားခံတွေ ၁၅ ယောက်စလုံးကို ခရိုင်ရုံးက သေဒဏ်ပေးလိုက်တယ် ဆိုပေမယ့် ဒီအမိန့်ကို
မကျေနပ်ရင် အထက်ရုံး (တိုင်းဒေသကြီးတရားလွှတ်တော်) ကို ဆက်တက်လို့ ရတယ်။
အဲဒီရုံးက ချလိုက်တဲ့ အမိန့်ကို ထပ်ပြီး မကျေနပ်ရင် နေပြည်တော် တရားလွှတ်တော်ချုပ်ကို
ဆက်ပြီးတော့ နောက်ဆုံးအဆင့် နိုင်ငံတော်သမ္မတအထိ အယူခံဝင်လို့ ရပါသေးတယ်" ဟု
တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သူ ဦးဝင်းလှိုင် ကပြောသည်။

















