ပြီးခဲ့သည့် ဇန်နဝါရီလကုန်အထိ ရန်ကုန်မြို့ရှိ အငှားယာဉ်များသည် စီးတီးတက္ကစီအဖြစ်
မှတ်ပုံတင်သူ နည်းပါးနေသေးသော်လည်း ဖေဖော်ဝါရီလမှ စတင်ကာ များပြားလာကြောင်း
မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
"ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လွှဲပြောင်းယူတုန်းက ၅၅,၁၃၁ စီး ဆိုပြီးတော့
လွှဲပြောင်း ရယူခဲ့တယ်။ ကျွန်တော်တို့ တာဝန်ယူပြီးချိန်မှာတော့ မှတ်ပုံတင်လုပ်တာ
အားနည်းလာတာကို တွေ့ရတယ်။ ဇန်နဝါရီလမှာ ၂၉၄ စီးပဲ မှတ်ပုံတင်တယ်။ ဖေဖော်ဝါရီလ
၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိကို မှတ်ပုံတင်တဲ့ အရေအတွက် ၅၀၀ လောက်အထိ
တိုးလာတယ်" ဟု ၎င်းက ပြောသည်။
ယခင်က စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်မှုမှာ တစ်ရက်လျှင် ၄၀ စီးခန့်သာရှိခဲ့ရာမှ ယခုအခါ
ရ၀ စီးခန့်အထိ တိုးတက်လာကြောင်း သိရသည်။
မထသမှ လွှဲပြောင်းရယူပြီးချိန်မှ ဖေဖော်ဝါရီလ ဒုတိယပတ်အထိ စီးတီးတက္ကစီအဖြစ်
သက်တမ်းတိုးခြင်း ၁,၇၈၇ စီး၊ အသစ်မှတ်ပုံတင်ခြင်း ၁,၃၄၉ စီး ရှိခဲ့ကြောင်း မထသ (ဗဟို) မှ
စာရင်းဇယားများအရ သိရသည်။
သို့ရာတွင် မြို့တော်စည်ပင်မှ လွှဲပြောင်းရယူထားသော စာရင်းများတွင် နှစ်ကြိမ်ထပ်ကာ
မှတ်ပုံတင် ပြုလုပ်ထားခြင်းများလည်း ရှိနေသေးသောကြောင့် အမှန်တကယ်ရှိသော စီးရေ
အရေအတွက် ရရန် စိစစ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
















