လာမည့်ပညာသင်နှစ်တွင် ကျောင်းကားများ ပြောင်းမည်

လာမည့်ပညာသင်နှစ်တွင် ကျောင်းကားများ ပြောင်းမည်

၂၀၁၅ - ၁၆ ပညာသင်နှစ်မှ စတင်ကာ ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများတွင်
ကြိုပို့ယာဉ်များအဖြစ် ပြေးဆွဲလျက်ရှိသော ကျောင်းကြိုပို့ဖယ်ရီ ကားများကို ခေတ်မီမီနီဘတ်စ်
များဖြင့် ပြေးဆွဲရေး မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်သည်။

"ကျောင်းကားတွေကို အမျိုးအစား တစ်မျိုးတည်းဖြစ်အောင် အဝါရောင်အဖြစ်
သတ်မှတ်ထားတယ်။ ဒီလိုသတ်မှတ်ရတာက ကားကိုမြင်လိုက်တာနဲ့ ကျောင်းကားမှန်းသိအောင်
လုပ်ဆောင်ရတာဖြစ်တယ်။ ဒီကျောင်းကြိုပို့ယာဉ်တွေကို လာမယ့် ၂၀၁၅ - ၁၆ ပညာသင်နှစ်က
စပြီး ကျောင်းသားတွေ ယာဉ်အန္တရာယ်ကင်းစေဖို့နဲ့ လုံခြံုရေးအပြည့်အဝ ရရှိဖို့အတွက်
ပညာရေးဝန်ကြီးဌာနရယ်၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးနဲ့ ယာဉ်ထိန်းရဲအဖွဲ့တွေ ပူးပေါင်းပြီး
ကြိုတင်စီစဉ်မှုတွေ ပြုလုပ်နေပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့
အခြေခံပညာကျောင်း ၁၉ ကျောင်းမှာ ယာဉ်ပိုင်ရှင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ
တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပါပြီ။ လာမယ့်ပညာသင်နှစ်မှာ ခေတ်မီ စီးတီးဘတ်စ်တွေနဲ့
ကျောင်းကားတွေပြေးဆွဲဖို့ကို မဖြစ်မနေ အကောင်အထည်ဖော်သွားမှာပါ" ဟု
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီက
တာဝန်ရှိ သူတစ်ဦးကပြောသည်။

ယခုပြေးဆွဲနေသည့် ကျောင်းကားများအစား မီနီဘတ်စ်(သို့မဟုတ်) စီးတီးဘတ်စ်၊
မိုက်ကရိုဘတ်စ်စသည်တို့အပြင် မိမိတို့ကြိုက်နှစ်သက်ရာ မည်သည့်မှန်လုံယာဉ်
အမျိုးအစားကိုမဆို အသုံးပြုပြေးဆွဲနိုင်မည်ဟု ၎င်းကပြောသည်။

"နိုင်ငံတကာမှာဆိုရင်လည်း ဒီလိုပဲ ကျင့်သုံးတာပါပဲ။ အခုပုဂ္ဂလိက နိုင်ငံတကာ ကျောင်းတွေ
မှာလည်း ဒီစီးတီး ဘတ်စ်တွေကိုပဲ အသုံးပြုတာပါပဲ။ ဒါကြောင့် လာမယ့်ပညာသင်နှစ်
ကျောင်းဖွင့်ချိန်ကျရင် ဒီစနစ်နဲ့ပဲ ပြေးဆွဲရတော့မှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး
အမှတ်(၁) အခြေခံပညာဦးစီးဌာနက အဆင့်မြင့် အရာရှိတစ်ဦးကပြောသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ၌ ကျောင်းကြိုပို့ယာဉ်များ
အဖြစ် ပြေးဆွဲပေးနေသော ကားစီးရေ နှစ်သောင်းခွဲနီးပါး ရှိနေပြီး အများစုမှာ စက်မှုဇုန်များက
ထုတ်လုပ်သည့် လိုက်ထရပ်ကား အများစုဖြစ်ကြသည်။

ကျောင်းကားပြေးဆွဲရန် ခေတ်မီစီးတီးဘတ်စ်များ တင်သွင်းလိုသည့် ယာဉ်ပိုင်ရှင်များ
အတွက်လည်း အရစ်ကျပေးချေမှုစနစ်ဖြင့် ကုမ္ပဏီများနှင့် ချိတ်ဆက် လုပ်ကိုင်နိုင်ရန်
ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး