ရန်ကုန်မြို့တွင် လူ ၁,၃၀၀ အတွက် မြို့တော်စည်ပင် သန့်ရှင်းရေးဝန်ထမ်း တစ်ယောက်သာ ရှိနေ

ရန်ကုန်မြို့တွင် လူ ၁,၃၀၀ အတွက် မြို့တော်စည်ပင် သန့်ရှင်းရေးဝန်ထမ်း တစ်ယောက်သာ ရှိနေ

မြန်မာနိုင်ငံ၏ လူဦးရေအသိပ်သည်းဆုံးမြို့ ဖြစ်သည့် ရန်ကုန်မြို့တွင် သန့်ရှင်းရေးနှင့် အမှိုက်သိမ်း
၀န်ထမ်းမှာ လိုအပ်သည်ထက် နည်းပါးနေရာ လူဦးရေ ၁,၃၀၀ ခန့်အတွက် သန့်ရှင်းရေးဝန်ထမ်း
တစ်ဦးနှုန်းသာရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကိန်းဂဏန်းများအရ
သိရသည်။

၂၀၁၃ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်မြို့တွင် လူဦးရေ ၅ ဒသမ ၂ သန်း နေထိုင်လျက်
ရှိသည်ဟု သိရပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ သန့်ရှင်းရေးနှင့် အမှိုက်သိမ်း
၀န်ထမ်းမှာ ၄,၁၀၀ ခန့်သာရှိကြောင်း သိရသည်။

သန့်ရှင်းရေးဌာန တစ်ခုလုံးတွင် ၀န်ထမ်းစုစုပေါင်း ၄,၉၀၀ ခန့်ရှိသည့်အနက် ၈၀၀ ခန့်မှာ
ရုံးဝန်ထမ်းများဖြစ်ကြသည်။

မြို့တော်ပိုင်နက်မြို့နယ် ၃၃ နယ်တွင် လမ်းပေါင်း တစ်သောင်းကျော်ရှိသဖြင့် လမ်းနှစ်လမ်းအတွက်
သန့်ရှင်းရေးဝန်ထမ်း တစ်ဦးနှုန်းခန့်သာ ရှိနေသည်။

"ပေ ၈၅၀ ရှည်တဲ့ ဗိုလ်ကလေးဈေး လမ်းတစ်ခုတည်းကိုတောင် လူ ၁၃၀၊ ကား ငါးစီးနဲ့ ကျကျနန
သန့်ရှင်းရေး လုပ်လိုက်တာ တစ်မနက်ခင်းအချိန်ကုန်တယ်။ လမ်းပေါင်း တစ်သောင်းဆိုရင်
စဉ်းစားသာ ကြည့်တော့။ တစ်လမ်းကို တစ်ခါရှင်းပြီးရင် နောက်တစ်ခါ ပြန်ရှင်းဖို့ဆိုတာလည်း
တော်တော်မလွယ်ဘူး"ဟု မြို့တော်စည်ပင်ကော်မတီဝင် ဒေါက်တာအေးမင်းက ပြောသည်။

"လမ်းဘေးဈေးသည်တွေကလည်း အမှိုက်ပစ်ကြတယ်။ မြောင်းတွေပိတ်တာတွေလည်း ရှိတယ်။
လမ်းပေါ်မှာ အမှိုက်ပစ်တာတာတွေကလည်း နေ့စဉ်ဆိုတော့ တကယ်တော့ နေ့စဉ်သေချာ
သန့်ရှင်းရေး လုပ်ဖို့လိုတာ။ အခုကျတော့ တစ်နှစ်နေမှ တစ်ခေါက်လောက်ပြန်ပြီး အဲလိုသန့်ရှင်း
နိုင်တာမျိုးဖြစ်နေတယ်"ဟု ၎င်းက ပြောသည်။

ငွေကြေးအင်အား မလုံလောက်မှုက အဓိက စိန်ခေါ်မှုဖြစ်နေသည့်အပြင် ချမှတ်ထားသော
မူများအရ ဌာနအလိုက် ခန့်အပ်နိုင်သော ၀န်ထမ်းဦးရေအကန့်အသတ်ရှိနေခြင်းကြောင့်
လိုအပ်သည့် ၀န်ထမ်းဦးရေကို တိုးမြှင့်ခန့်ထားရန် မလွယ်ကူကြောင်း ၎င်းကပြောသည်။

တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ ကိုသန်းထိုက်အောင်က ၎င်းတို့မြို့နယ်တွင် နေအိမ်များသို့
လိုက်လံအမှိုက်သိမ်းသည့်စနစ် လုံးဝမရှိသည့်အပြင် အမှိုက်ပုံများကို ကားဖြင့် ၁၀ ရက်လျှင်
တစ်ကြိမ်ခန့်သာ လာရောက် သိမ်းဆည်းလေ့ရှိသည်ဟု ပြောသည်။

"အဆိုးဆုံးအမှိုက်က ပလတ်စတစ် အမှိုက်တွေပဲ။ မြို့ထဲက မြို့နယ်တွေတော့ မသိဘူး၊
ကျွန်တော်တို့ မြို့နယ်တွေမှာတော့ အဲဒါတွေကို စည်ပင်က ထိန်းချုပ်ဖို့လည်း မလုပ်ဖူး။
သိမ်းလည်းသေချာမသိမ်းဘူး။ နောင်နှစ် ၂၀ လောက်ဆိုရင် ကျွန်တော်တို့ နေရာတွေက
ပလတ်စတစ်လွှမ်းသောမြို့ဖြစ်တော့မယ်"ဟု ၎င်းက ပြောသည်။

ထိုသို့ မြို့တော်စည်ပင်က အမှိုက်များ သိမ်းဆည်းရာတွင် မနိုင်မနင်းဖြစ်နေသည်ကို ကုစားသည့်
အနေဖြင့် တချို့လုပ်ငန်းစဉ်များကို ပုဂ္ဂလိကထံ လွှဲပြောင်းပေးရန် စီစဉ်လျက်ရှိသည်။

အမှိုက်သိမ်းဆည်းခြင်းနှင့် အမှိုက်သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ရန် နောက်ဆုံး
ဆန်ခါတင်အဆင့် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီစာရင်းကို တိုင်းဒေသကြီးအစိုးရထံသို့ပင်
တင်ပြထားပြီဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက် အင်ဂျင်နီယာမှူး
ဦးအောင်မြင့်မော်က မတ်လ ၁၀ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သည် တစ်ရက်လျှင် အမှိုက်တန်ချိန် ၁,၅၀၀ ခန့် သိမ်းဆည်းနေရပြီး
ထိုအမှိုက်များကို ထိန်ပင်နှင့် ထားဝယ်ချောင်သုသာန်များအနီးရှိ အမှိုက်စွန့်ပစ်သည့်နေရာများသို့
သွားရောက် စွန့်ပစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး