ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် ရ,၀၀၀ ကျော် ပျက်ကွက်

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် ရ,၀၀၀ ကျော် ပျက်ကွက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသားကျောင်းသူများ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ
ဖြေဆိုရန် ပျက်ကွက်သူ ရ,၀၀၀ ကျော်အထိရှိကာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့သည်ဟု
အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။

"ပျက်ကွက်ကျောင်းသားဦးရေက တစ်နေ့ကို အယောက် ၂၀၀ နီးပါးလောက်တော့ ရှိပါတယ်။
ဘာကြောင့် ပျက်ကွက်သလဲဆိုတာက အကြောင်းအရင်း အမျိုးမျိုးတော့ရှိမှာပါ။ သူ့အကြောင်းနဲ့
သူ လာမဖြေကြတာ ဆိုတော့လေ။ ဒီနှစ်က မေးခွန်းတစ်စုံတည်းဖြစ်တဲ့အတွက် မေးခွန်းတွေကို
မျှတအောင် ထည့်မေးထားတာပါ။ စာအရမ်းရတဲ့ ကျောင်းသားဖြေဆို နိုင်မယ့် မေးခွန်းမျိုးနဲ့
အလယ်အလတ်ကျောင်းသားတွေအတွက် အောင်မှတ်ဖိုးရအောင် ဖြေဆိုနိုင်ကြလိမ့်မယ်လို့
ထင်ပါတယ်။ တချို့လာ မဖြေကြတဲ့အထဲမှာ ကိုယ့်ကိုယ်ကိုယ် အားမရတော့လို့ တစ်နှစ်အကျခံ
ပြီးတော့ နောက်နှစ်မှ ပြန်ကြိုးစားတဲ့ ကျောင်းသားတွေလည်း ရှိပါတယ်။ ဒီလိုကျောင်းသားမျိုးက
နှစ်တိုင်းမှာ ရှိတတ်ပါတယ်။ ဒါကြောင့် ပျက်ကွက်ဦးရေက စာဖြေဌာနတိုင်းမှာ ရှိနေပါတယ်။
မေးခွန်းခက်လို့ လာမဖြေတော့ဘူးဆိုတာမျိုးက မဟုတ်နိုင်ပါဘူး" ဟု ၎င်းဌာနမှ တာဝန်ရှိသူက
မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ စာစစ်ဌာန ၂၁၂ ခုရှိပြီး ဖြေဆိုရန် လျှောက်ထားသည့်
ကျောင်းသားကျောင်းသူ ၁၀၆,၁၆၇ ဦး ရှိခဲ့သည်။

စာမေးပွဲ ပထမနေ့ဖြစ်သည့် မတ်လ ၁၁ ရက် မြန်မာစာ ဖြေဆိုသည့်နေ့တွင် ၉၉,၀၄၅ ဦးသာ
ဖြေဆိုခဲ့ပြီး ရ,၁၂၂ ဦးပျက်ကွက်ခဲ့သဖြင့် ဖြေဆိုသူ ၉၃ ဒသမ ၂၉ ရာခိုင်နှုန်းရှိခဲ့သည်။

ဓာတုဗေဒဖြေဆိုသည့်နေ့ဖြစ်သည့် မတ်လ ၁၆ ရက်နေ့တွင်မူ ရ,၄၉၂ ဦး အထိ
ပျက်ကွက်ခဲ့သဖြင့် ၉၂ ဒသမ ၉၀ ရာခိုင်နှုန်းသာရှိခဲ့သည်။

"ဒီလို ပျက်ကွက်မှုမျိုးကတော့ ရှိမှာပါ။ စာမေးပွဲဖြေဆိုနေစဉ်မှာ ကျောင်းသား၊ ကျောင်းသူတွေ
အားလုံးဟာ အနေအထိုင် အစားအသောက်ကအစ အရာရာကို ကြိုတင်ပြင်ဆင်ထားဖို့
လိုပါတယ်။ ဘေးအန္တရာယ် မဖြစ်ဖို့လည်း အရေးကြီးတာကြောင့် အစစအရာရာဆင်ခြင်
နေထိုင်ပါလို့ ပြောချင်ပါတယ်။ စာမေးပွဲပြီးဖို့က ရက်ပိုင်းပဲ လိုပါတယ်" ဟု ဗဟန်းမြို့နယ်
ပညာရေးမှူး ဦးတင်ဖုန်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး