မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းကြောင့် မတ်လ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့
အထိ လမ်းပိတ်ထားရာ မော်တော်ယာဉ်လိုင်း ၃၈ လိုင်း လမ်းကြောင်းပြောင်း ပြေးဆွဲသွားမည်
ဖြစ်သည်။
"ယာဉ်လိုင်း စုစုပေါင်း ၃၈ လိုင်းလောက် လမ်းကြောင်းပြောင်းပြီး ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။
မြေနီကုန်းလမ်းဆုံကနေ ဗားကရာလမ်း၊ ရှင်စောပုလမ်းတစ်လျှောက် ယန္တရားကြီးတွေ၊
ကွန်ကရစ်ဖျော်စက် အကြီးကြီးတွေနဲ့ အချိန်ပြည့် ဆောင်ရွက်မှာဖြစ်တဲ့အတွက် သူတို့
လုပ်ငန်းဆောင်ရွက်နေစဉ်မှာ လမ်းတချို့ ပိတ်ထားမှာပါ"ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က
ပြောသည်။
အထူးသဖြင့် ပြည်လမ်းတစ်လျှောက်မှ မြေနီကုန်းလမ်းဆုံကို ဖြတ်ကာ ရန်ကုန်မြို့တွင်းသို့
ပြေးဆွဲသောယာဉ်လိုင်းများ လမ်းကြောင်း ပြောင်းလဲပြေးဆွဲမည်ဖြစ်ပြီး မြေနီကုန်းလမ်းဆုံမှ
ဖြတ်ကာ တာမွေမြို့နယ်ဘက်သို့ သွားသော ယာဉ်လိုင်းများမှာမူ မူလအတိုင်းသာ
ပြေးဆွဲပေးသွားမည်ဖြစ်သည်။
အချို့ ယာဉ်လိုင်းများမှာ မြေနီကုန်းမှတစ်ဆင့် ဗားကရာလမ်း၊ ဗဟိုလမ်း၊ ပြည်ထောင်စု
ရိပ်သာလမ်းမှတစ်ဆင့် ပြည်လမ်းကိုပြန်ထွက်ကာ မူလလမ်းအကြောင်းအတိုင်း ပြေးဆွဲမည်
ဖြစ်သည်။
အချို့မှာ လှည်းတန်းမှ ဟံသာဝတီ၊ မြေနီကုန်း၊ ဗားကရာလမ်း၊ အောက်ကြည့်မြင်တိုင်လမ်း၊
ဘုန်းကြီးလမ်းမှတစ်ဆင့် မူလ လမ်းကြောင်းအတိုင်း ပြေးဆွဲမည်ဖြစ်သည်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက စတင် တည်ဆောက်ခဲ့သည့် မြေနီကုန်းခုံးကျော် တံတားမှာ
၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ယခုလအကုန်တွင် ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရန်
စီစဉ်ထားသည်။

















