ဦးကျော်မြင့်၏ ရုံးချိန်းသို့ ငွေကြေးနစ်နာခဲ့သူများ လာရောက်နားထောင်ခဲ့

ဦးကျော်မြင့်၏ ရုံးချိန်းသို့ ငွေကြေးနစ်နာခဲ့သူများ လာရောက်နားထောင်ခဲ့

လိမ်လည်မှုနှင့် စာရွက်စာတမ်းအတု ပြုလုပ်သည်ဆိုကာ ရန်ကုန်မြို့၊ လသာမြို့နယ် တရားရုံး၌
တရားစွဲဆိုခြင်းခံထားရသည့် Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို တရားစွဲဆိုထားသည့်
အမှု၏ မတ်လ ၁၉ ရက်နေ့ ရုံးချိန်းသို့ ငွေကြေးနစ်နာသူများ ရောက်ရှိလာခဲ့ကြသည်။

ထိုသို့ရောက်လာသူများတွင် ပြည်တော်သာ စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းခွင်တွင်
ကြိုပွိုင့်စနစ်ဖြင့် ၀ယ်ယူသူများအပါ၀င် ဘုန်းကြီးလမ်းကွန်ဒိုစီမံကိန်းနှင့် တိုက်ခန်း
တည်ဆောက်ရန် လက်ရှိအဆောက်အအုံနှင့် အခန်းများ ဖယ်ရှားပေးခဲ့ရသူများလည်း
ပါ၀င်ခဲ့သည်။

"အခုရုံးချိန်းက ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းအလယ်ဘလောက်က မြေကွက်ပေါ်မှာ
ဆောက်ထားတဲ့ အဆောက်အအုံနဲ့ ပတ်သက်လို့ တရားလို ကိုစိုးမင်းထက် စွဲဆိုထားတဲ့အမှုကို
လာနားထောင်တာပါ။ ဦးကျော်မြင့်ကို မတ်လ ၁၇ ရက်နေ့ကလည်း ဗိုလ်တထောင်မြို့နယ်
တရားရုံးမှာ ရုံးထုတ်မယ်ဆိုလို့ ဘာထူးမလဲလို့ သွားကြည့်ပါသေးတယ်။ ကျွန်တော်တို့
ငွေကြေးနစ်နာသူတွေ ဘက်က တာဝန်ယူ ဖြေရှင်းပေးမယ်သူ မရှိသေးဘူး။ ရှေနေ့ငှားဖို့
ကလည်း အယောက် ၂၀ စာကို သိန်း ၁၀၀ တောင်းတဲ့ အတွက်ကြောင့် အများစုအနေနဲ့ပြောရင်
ကိုယ့်ပိုက်ဆံ ရသာရချင်တယ်၊ တကယ်တမ်းကျတော့ ရှေ့နေ့ငှားဆိုရင် ငှားဖို့အတွက်ကို
စည်းစည်းလုံးလုံး မရှိကြဘူး။ ဒီနေ့ရုံးချိန်းမှာ ဦးစိုးမင်းထက်ကို စစ်ဆေးတယ်။ ပြီးတော့
ပန်းဆိုးတန်း အဆောက်အအုံဒီဇိုင်းကို သက်သေခံဖြစ် တင်သွင်းခိုင်းပါတယ်"ဟု တရားရုံးသို့
လာရောက်ခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ဦးကျော်မြင့်သည် ကျပ်သိန်း ၃,၀၀၀ ကျော် အလွဲသုံးစား ပြုသည်ဆိုမှုဖြင့်လည်း
ဗိုလ်တထောင်မြို့နယ်တွင် တရားရင်ဆိုင်နေရသည်။

လသာမြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့သည့် အမှုမှာ ရန်ကုန်တိုင်းဒေသကြီး
ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း အလယ်ဘလောက်ရှိ မြေကွက်အမှတ် ၁၈၁/၁၈၇၊
မြေအကျယ်ပေ ၁၀၀၊ ပေ ၆၀ တွင် မြေပိုင်ရှင် ခွင့်ပြုချက်မရဘဲ လက်မှတ်အတုများဖြင့်
ရန်ကုန်မြို့တော်စည်ပင်၏ ခွင့်ပြုချက် ရယူကာ လေးခန်းတွဲ ၁၂ အထပ် အဆောက်အအုံ
ဆောက်လုပ်ခဲ့ရာ လေးနှစ်ကျော်ကြာမြင့်ခဲ့သော်လည်း ပြီးဆုံးမှု မရှိသည့်အတွက် မြေပိုင်ရှင်
ဦးစိုးမင်းထက်က စက်တင်ဘာ လ ၉ ရက်နေ့တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀/၄၆၈ အရ
တရားစွဲခဲ့မှုဖြစ်သည်။

အမှုကို စစ်ဆေးနေစဉ် ရုံးပြောင်း လျှောက်ထားခဲ့သောကြောင့် ကျောက်တံတားမြို့နယ်တရားရုံးမှ
လသာမြို့နယ်တရားရုံးသို့ ရုံးပြောင်းစစ်ဆေးရန် အနောက်ပိုင်းခရိုင်တရားရုံးက ခွင့်ပြုခဲ့သည်။

ထိုအမှုကို ဆက်လက်စစ်ဆေးရန် မတ်လ ၂၆ ရက်နေ့သို့ ချိန်းဆိုထားသည်။

အခန်းပေါင်း ၂၃၄ ခန်းပါ၀င်သည့် ခြောက်ထပ် ပြည်တော်သာစီမံကိန်းမှာမူ ၂၀၁၂ ခုနှစ်
စက်တင်ဘာမှ၍ Father Land ကုမ္ပဏီ က တာဝန်ယူ တည်ဆောက်ခဲ့မည်ဟုဆိုကာ
ကြိုပွိုင့်စနစ်ဖြင့် ရောင်းချထားခြင်းဖြစ်သည်။

"ပြီးခဲ့တဲ့ တစ်ပတ်ရုံးချိန်းတုန်းက သင်္ဃန်းကျွန်း ပြည်တော်သာအိမ်ရာစီမံကိန်းနဲ့
ပတ်သက်ပြီးတော့ ဦးကျော်မြင့်ကို အချုပ်ထဲ မှာသွားတွေ့တယ်။ သူအခုအချုပ်ထဲရောက်နေတာ
နှစ်လလောက်တော့ရှိနေပြီ။ ဒီစီမံကိန်းကို နောက်ထပ် ခြောက်လလောက်မှာ အကောင်ထည်ဖော်
ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။

ဒီမြေကွက်က အခုထိ ဖောင်ဒေးရှင်းအဆင့်ဘဲရှိသေးတယ်။ ၀ယ်တုန်းက ကျပ် ၁၃၅ သိန်းကို
သိန်း ၁၂၀ သွင်းပြီးပါပြီ"ဟု မြောက်ဥက္ကလာပမြို့နယ်နေ ကို၀င်းခိုင် က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး