ရန်ကုန် ခရီးသည်တင်ယာဉ်လိုင်းများ၌ ယာဉ်မောင်းရှားပါးမှု ကြံုတွေ့နေ

ရန်ကုန် ခရီးသည်တင်ယာဉ်လိုင်းများ၌ ယာဉ်မောင်းရှားပါးမှု ကြံုတွေ့နေ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများ၌ မောင်းနှင်ရန် ယာဉ်မောင်းများ
ရှားပါးလာကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှု ဆိုးဝါးစွာကြံုတွေ့ နေရခြင်း၊ အလုပ်ချိန်မှာလည်း သာမန်အလုပ် များထက်ပိုခြင်း၊ နေ့စဉ်ဝင်ငွေလျော့ကျလာ ခြင်းနှင့် အခြားအလုပ်အကိုင်များပေါများ လာခြင်းတို့အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း ပိုမိုတင်းကျပ်လာသည့်အတွက် ယာဉ်မောင်းများရှားပါးလာခြင်းဖြစ်သည်ဟု ယာဉ်ပိုင်ရှင်များက ပြောသည်။ "အခုဆိုရင် ကျွန်တော်တို့တစ်နေ့ကို လေး ခေါက်လောက်ပဲ ရတော့တယ်။ တစ်ခါတလေ ဆို သုံးခေါက်လောက်ပဲရတဲ့အခါတောင်ရှိ တယ်။ အရင်နဲ့နှိုင်းရင် တစ်ဝက်လောက် တောင်လျော့သွားတယ်လို့ ပြောလို့ရတယ်။ နေ့စဉ်ဝင်ငွေက အရင်လိုမရတော့ဘူး။ "နေ့စဉ်ဝင်ငွေလျော့တော့ ယာဉ်မောင်းတွေလည်း ရတာနည်းသွားတယ်။ ဒါကြောင့် ခရီးသည်တင်ယာဉ်တွေမှာ မမောင်းချင်ကြတော့ဘူး" ဟု အမှတ်(၃၁) ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမျိုးဝင်းက ပြောသည်။ ပုံမှန်အားဖြင့် ယာဉ်မောင်းများမှာ တစ်နေ့ လျှင် ခရီးစဉ် ငါးခေါက်မှ ခြောက်ခေါက်အထိ မောင်းနိုင်ပြီး လုံလောက်သောနေ့စဉ်ဝင်ငွေ ရရှိကြသည်။ သို့သော် ယခုအခါ ယာဉ်ကြော ပိတ်ဆို့မှု တဖြည်းဖြည်း ဆိုးရွားလာခြင်းနှင့် စီအင်န်ဂျီထည့်ရန် အချိန်ယူရခြင်းများ ကြောင့် ခေါက်ရေများ လျော့လာသည်ဟုဆိုသည်။ ထို့ပြင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ နေ့စဉ် မနက်စောစောထရသည့် အပြင် ကားသိမ်းချိန်မှာလည်း နောက်ကျ သည့်အတွက် အခြားအလုပ်များသို့ ပြောင်းလဲ လုပ်ကိုင်လာကြခြင်းဖြစ်သည်။ ယာဉ်ကြောများ ပိတ်ဆို့မှုနှင့်အတူ ခရီး သည်တင်ယာဉ်များမှာ ခရီးသည်ရရှိစေရန် အပြိုင်မောင်းနှင်နေကြရသလို သာမန်ထက် အလုပ်ချိန်ပိုနေမှုများကြောင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များမှာ အမြဲတမ်းရန်လိုနေလေ့ရှိသည်။ ယာဉ်မတော်တဆမှုများမှာလည်း မကြာခဏ ဖြစ်ပွားလာခြင်း ကြောင့် ခရီးသည်တင်ယာဉ်များကို စည်းကမ်း တင်းကျပ်မှုများရှိပြီး ယာဉ်မောင်းများစည်းကမ်းချိုးဖောက်ပါက ယာဉ်မောင်းလိုင်စင် ကို ခြောက်လ ပိတ်သိမ်းသည်အထိ အရေးယူ မှုများရှိခဲ့သည်။ ထိုကဲ့သို့ စည်းကမ်းကို တင်းကျပ်လွန်းသည်ဟု ယာဉ်မောင်းများက ထင်မြင်နေကြ ကာ ခရီးသည်တင်ယာဉ်မောင်းနှင်ခြင်း အလုပ်ကိုစွန့်လွှတ်ပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သွားရောက် လုပ်ကိုင် ခြင်းများရှိလာသလို အချို့မှာတက္ကစီယာဉ်မောင်းအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။ "ကျွန်တော်တက္ကစီမောင်းနေတာ တစ်လ လောက်ရှိပြီ။ ခရီးသည်တင်ယာဉ်မောင်း တုန်းက တစ်လမှာ ၂၆ ရက်မောင်းရမယ်ပြောတယ်။ ဒါပေမဲ့ ယာဉ်ကြောကျပ်လို့ကား က ခေါက်ရေမပြည့်တာနဲ့၊ ကားပျက်လို့ မမောင်းရတဲ့ရက်တွေတွက်ရင် မောင်းရတာ ၂၆ ရက်မပြည့်ဘူး။ ဒါကြောင့် ၀င်ငွေက ကျွန်တော် မျှော်မှန်းသလောက်မရဘူး။ ကျွန် တော်က တစ်နေ့ဝင်ငွေ ဘယ်လောက်ရရမယ် ဆိုပြီး သတ်မှတ်ချက်ရှိတယ်။ ဒါကြောင့် တက္ကစီပြောင်းမောင်းလိုက်တယ်။ ခရီးသည် တင် ယာဉ်မောင်းတုန်းကလို အစောကြီး လည်း ထစရာမလိုဘူး။ တက္ကစီမောင်းတာ တစ်လကို စားပြီးသောက်ပြီး လေးသိန်းလောက် တော့ ကျန်တယ်"ဟု တက္ကစီယာဉ်မောင်း ကိုသော်ဇင်မင်းက ပြောသည်။ ထိုကဲ့သို့ ယာဉ်မောင်းရှားပါးမှုအပြင် ၀င်ငွေလျော့နည်းလာသည့်အတွက် အရစ်ကျစနစ်ဖြင့် ဘတ်စ်ကားများဝယ်ထားသော ပိုင်ရှင်များမှာ အခက်တွေ့နေကြရသည်။ "ကျွန်တော်သိသလောက်တော့ ယာဉ်မောင်းတွေရှားလာတဲ့အတွက် ခရီးသည်တင် ယာဉ်တွေ အရင်ကလို လုံလုံလောက်လောက် မလည်ပတ်နိုင်တော့ဘူး။ ရန်ကုန်မှာ ဘတ်စ် ကား ၆,၀၀၀ လောက်ရှိတဲ့အနက်မှာ အစီး ရေ ၃,၀၀၀ လောက်ပဲ ပြေးနိုင်တယ်။ ပြီးတော့ အစိုးရကလည်း စီအင်န်ဂျီမပေးနိုင်ဘူး" ဟု အမှတ် (၄၈) ယာဉ်လိုင်းမှ ပိုင်ရှင် ကိုတရုတ် လေးက ပြောသည်။ ယာဉ်မောင်းရှားပါးမှု အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်းကို စမ်းသပ်စစ်ဆေးခံပြီး အမှန်တကယ်ကျွမ်းကျင်ကြောင်း သိရှိပါက အဆင့်အလိုက်မဟုတ်ဘဲ ထောက်ခံချက်ဖြင့် မောင်းနှင်ခွင့်ပြုပေးရန် ယာဉ်ပိုင်ရှင်များက လိုလားလျက်ရှိကြသည်။ "ကျွန်တော် အစကတည်းက ယာဉ်ပိုင် ရှင်တွေ ယာဉ်မောင်း ရှားပါးမှုနဲ့ ကြံုလာမယ် လို့ခန့်မှန်းမိလို့ သူတို့ကိုသတိပေးခဲ့ဖူးတယ်။ အခုဆိုရင် ယာဉ်မောင်းမလုံလောက်မှုကြောင့် ဘတ်စ်ကား အစီး ၂,၀၀၀ လောက်က ဒီအတိုင်းရပ်ထားရတယ််"ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး