မဟာသင်္ကြန်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့နိုင်မည့် နေရာများ၌ ပိတ်ဆို့မှု ဖြေရှင်းပေးနိုင်ရေး
အတွက် ဆောင်ရွက်နေသည်ဟု အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) ဒုတိယရဲမှူးကြီး
လင်းထွဋ်က မတ်လ ၂၀ ရက်နေ့၌ ပြောသည်။
"ရန်ကုန်လိုင်စင်နံပါတ်က အစီးရေ လေးသိန်းခွဲကျော် ရှိတယ်။ နယ်လိုင်စင်ကားတွေနဲ့ ဆိုရင်တော့
ဒီထက်မက ယာဉ်ကြောပိတ်ဆို့မှု ပိုများလာနိုင်တယ်လို့ ခန့်မှန်းတယ်။ သင်္ကြန်မဏ္ဍပ်တွေ
အများဆုံးရှိတဲ့ နေရာတွေမှာလည်း ယာဉ်ကြောပိတ်ဆို့နိုင်မယ့် နေရာတွေကို ဘယ်လို
ဖြေရှင်းပေးမယ် ဆိုတာကို ဆောင်ရွက်နေပါတယ်။ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တွေ အနားမယူဘဲနဲ့
အကုန်လုံး တာဝန်ထမ်းဆောင်သွားမှာပါ။ ပုံမှန်တစ်လမ်းမောင်းစနစ်နဲ့ ကျင့်သုံးမယ့် လမ်းတွေ
ကိုလည်း ဆက်လက်အသုံးပြုသွားမှာပါ" ဟု ၎င်းကပြောသည်။
"ယာဉ်ကြောကျပ်တည်းမှုကို ပြေလျော့အောင် အဓိက ဆောင်ရွက်မှာပါ။ ပုံမှန်သွားနေတဲ့ဟာကို
ရှောရှောရှူရှူဖြစ်ဖို့ ဆောင်ရွက်သလို ယာဉ်ကြောထိန်းသိမ်းရင်းနဲ့ ယာဉ်မှုခင်းနည်းအောင်
ဆောင်ရွက်သွားမှာပါ" ဟု ၎င်းကပြောသည်။
သင်္ကြန်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားသည့် နေရာများတွင် အရေးပေါ်ကားများ
ဖြစ်သည့် လူနာတင်ယာဉ်၊ မီးသတ်ကားများ သွားလာနိုင်ရေးအတွက် မဏ္ဍပ်တာဝန်ရှိသူများနှင့်
ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်သည်။
"သင်္ကြန်တွင်းကာလဆိုတော့ စည်းကမ်းထိန်းသိမ်းဖို့ အင်မတန်ခက်ခဲတယ်။ အားလုံးက
သင်္ကြန်ကာလအောက်မှာ ပျော်ရွှင်နေပေမယ့် ကျွန်တော်တို့က သူတို့ကို ထိန်းသိမ်းတဲ့နေရာမှာ
အန္တရာယ်ဖြစ်အောင် ထိန်းသိမ်းတယ်လို့ မယူဆပါဘူး။ အတင်းအကျပ်ကြီးတော့ ဆောင်ရွက်
သွားမှာတော့ မဟုတ်ဘူး။ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။
တတ်နိုင်သလောက်တော့ စည်းကမ်းထိန်းသိမ်းတာကို ဆောင်ရွက်သွားမှာပါ။ ယာဉ်ကြော
ကျပ်တည်းမှုဖြစ်ပေမယ့် ဘတ်စ်ကားသွားဖို့ လုပ်ထားတဲ့ ကွန်ကရစ်တုံးတွေကိုတော့
ရွှေ့ပြောင်းသွားမှာ မဟုတ်ပါဘူး" ဟု ဒုတိယရဲမှူးကြီး လင်းထွဋ် ကပြောသည်။
သင်္ကြန်ကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် ယာဉ်မတော်တဆမှုများကိုြ ကိုတင်ကာကွယ်မှု
အနေဖြင့် သင်္ကြန်မတိုင်မီ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖမ်းဆီးအရေးယူမှုများကို
ဆောင်ရွက်သွားမည်ဖြစ်သည်။
"မူးယစ်သောက်စား မောင်းနှင်တဲ့ အတွက်ကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားနိုင်တယ်။
လူပြုတ်ကျပြီး သေဆုံးသွားနိုင်တဲ့ အတွက်ကြောင့် ကြိုတင်ကာကွယ်မှုအနေနဲ့ အခုကတည်းက
အရက်သောက်စားမောင်းနှင်တဲ့သူတွေကို အယ်လ်ကိုဟော တက်စ်စတာတွေကို
အသုံးပြုပြီးတော့ သင်္ကြန်မတိုင်ခင် စပြီးတော့ အရေးယူသွားမှာပါ" ဟု ဒုတိယ
ရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

















