မဟာသင်္ကြန် ရက်များအတွင်း ခရီးသည်တင် ယာဉ်လိုင်းများ သုံးပုံတစ်ပုံ ခန့်သာ ပြေးဆွဲမည်

မဟာသင်္ကြန် ရက်များအတွင်း ခရီးသည်တင် ယာဉ်လိုင်းများ သုံးပုံတစ်ပုံ ခန့်သာ ပြေးဆွဲမည်

မဟာသင်္ကြန်ရက်များအတွင်း ခရီးသည်တင် ဘတ်စ်ကား သုံးပုံတစ်ပုံခန့်သာ ပြေးဆွဲသွားမည်
ဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ(မထသ)က
ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။

"ရန်ကုန်အရှေ့ပိုင်းက ယာဉ်လိုင်း ၁၀ လိုင်းနဲ့ ကား ၁၅၄ စီး၊ အနောက်ပိုင်းခရိုင်က ၄၂ လိုင်းနဲ့
ကား ၄၁၂ စီး၊ တောင်ပိုင်းခရိုင်က ရှစ်လိုင်းနဲ့ ၄၃ စီး၊ မြောက်ပိုင်းခရိုင်က ၁၅ လိုင်းနဲ့ ၂၃၄ စီး၊
သန်မြန်သူက ၁၈ လိုင်းနဲ့ ၃၅၄ စီး၊ ကန္ဒရဝတီယာဉ်လိုင်းက နှစ်လိုင်းနဲ့ ကား ၁၂ စီး၊
ရွှေမြင်းပျံယာဉ်လိုင်းက ခုနစ်စီး ပြေးဆွဲပေးမှာဖြစ်ပါတယ်"ဟု မထသဗဟိုမှ အတွင်းရေးမှူး
ဦးဘမြင့်က ပြောသည်။

ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လက်အောက်ရှိ ပါရမီ ယာဉ်လိုင်း၊ ရွှေရန်ကုန်ယာဉ်လိုင်း၊
ရွှေဧည့်သည် ယာဉ်လိုင်း၊ စစ်မှုထမ်း ဟောင်း(အတွင်း) ယာဉ်လိုင်း၊ စည်ပင် (အပြင်) ယာဉ်လိုင်း၊
အင်းဝ ယာဉ်လိုင်းနှင့် အခြား ယာဉ်လိုင်းနှစ်လိုင်းများမှာ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ
ပြေးဆွဲခြင်းမပြုဘဲ ရပ်နားထားမည်ဖြစ်သည်။

"ဒီနှစ်မှာ သင်္ကြန်ရက်ျားအတွင်း ယာဉ်လိုင်း ၁၁၉ လိုင်းပြေးဆွဲဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ကို တင်ပြပြီးဖြစ်သလို မကြာခင်မှာ သတင်းထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့
အရင်နှစ်တွေက စီးတီးဘတ်စ်လို ယာဉ်ကြီးတွေ မပြေးတာများခဲ့တယ်။ ဒီနှစ်မှာတော့
ယာဉ်ကြီးတွေပါ၀င် ပြေးမှာဖြစ်ပါတယ်။ ယာဉ်အင်အားကတော့ ကျွန်တော်တို့
မျှော်မှန်းထားသလောက်တော့ ပြေးမှာမဟုတ်ဘူး။ ဒါပေမဲ့ ခရီးသွားကလည်း အဲဒီအချိန်မှာ
နည်းမှာဖြစ်ပါတယ်" ဟု မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

စီးတီးဘတ်စ်ယာဉ်ကြီး ၁၂ လိုင်း၊ ဘီအမ်ယာဉ် ၁၇ လိုင်း၊ မီနီဘတ်စ်ယာဉ်လိုင်း ၁၇ လိုင်း၊
ဒိုင်နာယာဉ်လိုင်း ၃၃ လိုင်း၊ ဟိုင်းလပ် ရှစ်လိုင်း၊ မိုက်ခရိုဘတ်စ်ယာဉ် ရှစ်စီး၊ လှည်းကူးမှ
သုံးဘီးဆိုင်ကယ်ယာဉ် ခုနစ်စီး စုစုပေါင်း ယာဉ် ၁,၆၉၄ စီး ပြေးဆွဲပေးသွားမည်ဖြစ်သည်။

သင်္ကြန်တွင်း ကာလများတွင် ခရီးသည် တင်ယာဉ်လိုင်းဂိတ်များ ဖွင့်ချိန်၊ ပိတ်ချိန်မှာ နံနက်
၆ နာရီမှ ညနေ ၆ နာရီအထိဖြစ်ပြီး ယာဉ်လိုင်းအလိုက် ၀ိုင်းဝန်းထိန်းသိမ်း ကြပ်မတ်သွားကြမည်
ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သင်္ကြန်ရက်များအတွင်း ယာဉ်မောင်းများ စနစ်တကျ မောင်းနှင်ရေးအတွက် ဧပြီလ
၆ ရက်၊ ရ ရက် နှင့် ၈ ရက်များတွင် လက်ကမ်း စာစောင် ၅,၀၀၀ ကို ယာဉ်မောင်းများအား
လိုက်လံဝေငှသွားမည်ဖြစ်ကာ ဆွေးနွေးခြင်း၊ အသိပညာပေးခြင်းများကိုပါ ဆောင်ရွက်သွားမည်
ဖြစ်သည်။

တက္ကစီယာဉ်မောင်းများကိုလည်း လက်ကမ်းစာစောင် ၁၀,၀၀၀ ဝေငှကာ အသိပညာပေးသွားမည်
ဖြစ်ပြီး ယာဉ်မောင်းက အရက်သောက်ပြီး မောင်းနှင်ခြင်း ရှိမရှိကို အရက်မူးတိုင်း ကိရိယာဖြင့်
စစ်ဆေးသွားမညြ်ဖစ်ကြောင်း သိရသည်။

မထသ အဝေးပြေးယာဉ်လိုင်းများမှလည်း ရန်ကုန်တိုင်းဒေသကြီး အခြေပြု ယာဉ်လိုင်းများက
ယာဉ်လိုင်းအလိုက် ရက်များသတ်မှတ်ကာ ပြေးဆွဲသွားမည်ဖြစ်သည်။

ဧပြီလ ၁၁ ရက်နေ့တွင် ၉၈ လိုင်း၊ ဧပြီလ ၁၂ ရက်နေ့တွင် ၈၂ လိုင်း၊ ဧပြီလ ၁၃ ရက်နေ့တွင်
၄၃ လိုင်း၊ ဧပြီလ ၁၄ ရက်နေ့တွင် ရှစ်လိုင်းနှင့် ဧပြီလ ၁၅ ရက်နေ့တွင် နှစ်လိုင်းသာပြေးဆွဲပေးမည်
ဖြစ်ပြီး လုံးဝပိတ်ရက်မရှိ ပြေးဆွဲမည့်ယာဉ်လိုင်းမှာ ခြောက်လိုင်းသာ ရှိသည်။

"တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်ကို အခြေပြုပြီးတော့ ပြေးဆွဲနေတဲ့ အဝေးပြေးလိုင်းတွေက
၈ ရက်နေ့မှာ ၁၀၈ လိုင်းပြေးမယ်။ ၉ ရက်နေ့မှာ ၁၀၅ လိုင်းပြေးမယ်။ ၁၂ ရက်မှာ ၉၃ လိုင်း၊
၁၃ ရက်မှာ ၃၃ လိုင်း၊ ၁၄ ရက်နေ့မှာ တစ်လိုင်းပဲပြေးမယ်။ ၁၅ ရက်နေ့မှာ တစ်လိုင်းပြေးပြီးတော့
ကျန်တဲ့ ရက်တွေနားမယ်။ ဒဂုံဧရာအဝေးပြေးမှာ ရန်ကုန်တိုင်း ဒေသကြီးအခြေပြု ၃၅ လိုင်းနဲ့
တိုင်းဒေသကြီး နဲ့ပြည်နယ်ကပြေးတဲ့ ၅၅ လိုင်း၊ စုစုပေါင်း ၈၈ လိုင်းက ၁၄ရက်၊ ၁၅ ရက်နဲ့
၁၆ ရက်နေ့တွေမှာ ပြေးဆွဲမှုရပ်နားမှာ ဖြစ်ပါတယ်"ဟု မထသ (ဗဟို)မှ ဥက္ကဋ္ဌ ဦးလှအောင်က
ပြောသည်။

ထို့ပြင် အဝေးပြေးယာဉ်လိုင်းများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် သင်္ကြန်တွင်းရက်များတွင်
ယာဉ်စီးခပိုတောင်းသည့် ကိစ္စရှိပါက အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နား ကွင်းအတွင်းရှိ
မထသ (အဝေးပြေး) ရုံးသို့ လာရောက်တိုင်ကြားနိုင်ကာ ယာဉ်လိုင်းမှ ပိုတောင်းသည့်ငွေကို
ပြန်အမ်းပေးသွားမည် ဖြစ်ကာ ယာဉ်လိုင်းကိုလည်း ငွေကျပ် ၅၀,၀၀၀ ဒဏ်ရိုက်သွားမည်
ဖြစ်သည်။

"ယာဉ်စီးခပိုတောင်းတာက ဖြစ်နေတုန်းပဲ။ ဒါကြောင့် ၂၀၁၃ ခုနှစ်ကစပြီး ပိုတောင်းခဲ့ရင်၊
အဝေးပြေးကို သတင်းပို့လာခဲ့ရင် ပိုတောင်းထားတဲ့ ငွေကိုပြန်အမ်းပေးပါတယ်။ ပြန်ပေးရတဲ့ငွေ
ကိုလည်း အဲဒီယာဉ်လိုင်းကိုပဲ ပြန်လျော်ခိုင်းတယ်။ မထသ (အဝေးပြေး) ရန်ပုံငွေထဲက
စိုက်ထုတ်ပြီး လျော်ပေးတာဖြစ်ပါတယ်။ ဒီနှစ်မှာ ပြီးခဲ့တဲ့အပတ်ကအထိ အစိုးရ ၀န်ထမ်း
နှစ်ယောက် လာတိုင်တဲ့အတွက် ပိုငွေကိုပြန်အမ်းပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း
တိုင်ကြားနိုင်ပါတယ်" ဟု ဦးလှအောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး