ယာဉ်မရပ်ရ လေးလမ်း ထပ်မံတိုးချဲ့

ယာဉ်မရပ်ရ လေးလမ်း ထပ်မံတိုးချဲ့

ရန်ကုန်မြို့တွင် ယာဉ်မရပ်ရ လမ်း ၉၅ လမ်း သတ်မှတ်ထားသော်လည်း ယာဉ်ကြော ရှုပ်ထွေးမှုများ
မကြာခဏ ဖြစ်ပေါ်နေခြင်းကြောင့် ယာဉ်မရပ်ရလမ်း လေးလမ်း ထပ်မံ တိုးချဲ့ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီးလင်းထွဋ်က ဧပြီလ ၃ ရက်နေ့က
ပြောကြားသည်။

"ထပ်တိုးတဲ့ လေးလမ်းက အရှေ့ အနောက်လမ်းတွေဖြစ်တဲ့ ပြည်လမ်း တော်ဝင်လမ်းဆုံကနေ
တော်ဝင်လမ်းအတိုင်း မင်းဓမ္မလမ်းဆုံ၊ ကမ္ဘာအေးဘုရားလမ်း အုတ်ပုံဆိပ်လမ်းဆုံမှ အုပ်ပုံ
ဆိပ်လမ်းအတိုင်း သုဓမ္မာလမ်းဆုံအထိ၊ တောင်ဪမြောက်လမ်းဆုံဖြစ်တဲ့ ရွှေဂုံတိုင်လမ်းနဲ့
ဗိုလ်စိန်မှန်လမ်းဆုံမှ ဗိုလ်စိန်မှန်လမ်းအတိုင်း ကျိုက္ကဆံလမ်းဆုံနဲ့ အောင်ရတနာလမ်းနဲ့
ကမ်းနားလမ်းသစ်မှ အဆိုပါ လမ်းအတိုင်း မြောင်းကြီးထိပ်လမ်းအထိကို ယာဉ်မရပ်ရလမ်းတွေ
အဖြစ် ထပ်မံတိုးလိုက်တဲ့အတွက်ကြောင့် ရန်ကုန်မြို့မှာ ယာဉ်မရပ်ရ ၉၉ လမ်းရှိသွားမှာပါ " ဟု
ဒုတိယရဲမှူးကြီးလင်းထွဋ်က ပြောသည်။

သင်္ကြန်ကာလ ယာဉ်မှုခင်းများ မဖြစ်ပွားနိုင်စေရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း
ပိုမိုကောင်းမွန်စေရန် အသိပညာပေး ဖမ်းဆီးခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက် ဖမ်းဆီးအရေးယူ ရာတွင် မတ်လ ၁၉ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ
သင်္ကြန်အကြိုကာလ စစ်ဆေးအရေးယူမှုများ အနေဖြင့် မီးနီဝင်ဖမ်းဆီး အရေးယူမှု ၃၉၂ မှု၊
လမ်းပြောင်းပြန် ဖမ်းဆီးအရေးယူမှု ၅၇၆ မှု၊ အကြောင်းအမျိုးမျိုးကြောင့် ယာဉ်ကြောပိတ်ဆို့သည့်
ယာဉ် ၅၈၂ စီးတို့ကို နေ့ပိုင်းနှင့် ညပိုင်းတို့တွင် ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

"စည်ပင်သာယာနယ်နိမိတ်ပြင်ပ စည်းကမ်းပျက် ဆိုင်ကယ်ဖမ်းဆီးအရေးယူမှု ၃၅၉ စီးနဲ့
စည်းကမ်းပျက် မော်တော်ယာဉ် ၈၅ စီးကို ပညာပေးအရေးယူခဲ့တယ်"ဟု ၎င်းကပြောကြားသည်။

မတ်လအတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်သည့် ယာဉ်များ ဖမ်းဆီးအရေးယူမှု
၃၀,၆၃၃ မှုရှိပြီး အဆိုပါ အမှုများထဲတွင် ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းအရေးယူမှု ၁,၈၂၀၊
စည်းကမ်းမဲ့ လမ်းဖြတ်ကူးမှု ၁,၆၃၈ မှု၊ ကြားကားဖမ်းဆီး မှု ၃၂ မှု၊ စည်ပင်သာယာနယ်နိမိတ်
အတွင်း လိုင်စင်ရှိဆိုင်ကယ် ၃၉၈ စီးနှင့် လိုင်စင်မဲ့ ဆိုင်ကယ် နှစ်စီး၊ စည်ပင်သာယာ နယ်နိမိတ်
ပြင်ပတွင် လိုင်စင်မဲ့ဆိုင်ကယ် ၂၉၁ စီး၊ လမ်းပြောင်းပြန် မောင်းနှင်သည့် ယာဉ် ၂၀၁ စီး၊
မီးနီဝင်ဖမ်းဆီးမှု ၂၈၆ စီး ကို အရေးယူခဲ့သည်။

ထို့ပြင် ယာဉ်မရပ်ရ လမ်းများတွင် ရပ်တန့်ထားသည့် ယာဉ်အစီး ရေ ၂၁,၄၄၅ စီးကို
အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး