မဟာသင်္ကြန်ကာလအတွင်း ယာဉ်ကြောကျပ်တည်းမှုနှင့် ပိတ်ဆို့မှု မရှိစေရန်အတွက်
ကရိန်းယာဉ်များ ယမန်နှစ်ကထက် တိုးချဲ့ထားရှိ သွားမည်ဖြစ်ပြီး အရက်မူးတိုင်း ကိရိယာ
(Alchol Tester) ဖြင့် စစ်ဆေးခြင်းကို သင်္ကြန်မတိုင်မီကပင် အသိပညာပေးခြင်းများ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ
ဒုတိယ ရဲမှူးကြီးလင်းထွဋ်က ပြောသည်။
"သင်္ကြန်မဏ္ဍပ်တွေ များတဲ့နေရာတွေမှာ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေဖို့နဲ့ စက်ပျက်ယာဉ်
တွေကြောင့် ယာဉ်ကြောစီးဆင်းမှု မကြန့်ကြာစေဖို့ကို ကရိန်းယာဉ်တွေထားသွားမယ်။
မနှစ်တုန်းက ကရိန်းယာဉ် ခြောက်စီးလောက် ချထားခဲ့ပေမယ့် ဒီနှစ်မှာ ပိုပြီးတော့ ထားသွားမယ်။
ကရိန်းယာဉ်တွေ ဘယ်နေရာမှာရှိမယ်ဆိုတာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ဂျာနယ်နဲ့
သတင်းစာတွေကတစ်ဆင့် ပြည်သူတွေသိအောင် ဆောင်ရွက်သွားမှာပါ " ဟု ဒုတိယရဲမှူးကြီး
လင်းထွဋ်က ပြောသည်။
အရက်သေစာ သောက်စားမောင်းနှင်ခြင်း မရှိစေရန် အရက်မူးတိုင်း ကိရိယာဖြင့် တိုင်းတာ
စစ်ဆေးခြင်းကို ဧပြီလ ၃ ရက်နေ့မှ စတင်ပြီး ပညာပေးခြင်းကို ဦးစားပေးဆောင်ရွက်ကာ
အရေးယူခြင်းကို ဒုတိယဦးစားပေးအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
"အရက်မူးတိုင်းကိရိယာ (Alchol Tester) နဲ့တိုင်းတာမှုကို ဧပြီလ ၃ ရက်နေ့မှာစပြီးတော့
အသိပညာပေးခြင်းကိုဆောင်ရွက်မယ်။ Alchol Tester နဲ့တိုင်းတာမယ်။ ၀ ပွိုင့် ၀၇ ဆိုရင်
အရက်သောက်ထားတဲ့အတွက်ကြောင့် ယာဉ်မောင်းနှင်ဖို့ မသင့်ဘူး။ ၀ ပွိုင့် ၀၅ ဆိုရင်
ဘီယာသောက်ထားတဲ့အတွက်ကြောင့် ကားမောင်းလို့ မဖြစ်ဘူးဆိုတာတွေကို စက်က
ပြသသွားမယ်။
"အဲဒီလို ပညာပေး ဆောင်ရွက်တာက သင်္ကြန်မှာ ယာဉ်မောင်းနှင်တဲ့သူတွေ အရက်သေစာ
မသောက်စားဖို့ အတွက်ကြောင့်ပါ။ ယာဉ်မောင်းတဲ့သူက အရက်သေစာ သောက်စားပြီး
မောင်းနှင်တဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ ယာဉ်အန္တရာယ်တွေ ဖြစ်ပေါ်စေပြီး
အသက်ပေါင်းများစွာ ဆုံးရှုံးစေမှာဖြစ်တဲ့အတွက်ကြောင့် သင်္ကြန်ကားမောင်းတဲ့သူတွေက
ကိုယ်အသိစိတ်ဓါတ်နဲ့ မသောက်စားစေချင်ဘူး" ဟု အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး
(ရန်ကုန်) ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောသည်။
အရက်မူးတိုင်းကိရိယာ အခု ၅၀ ကျော် ရှိပြီး စစ်ဆေးသည့် အဖွဲ့တစ်ဖွဲ့လျှင် ၁၂ ခုစီ
ပေးထားမည်ဖြစ်ကာ အဖွဲ့ငါးဖွဲ့ ဖြင့် စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
"ယာဉ်မောင်းက ယာဉ်ကို မထိန်းသိမ်းနိုင်လောက်အောင် အန္တရာယ်ရှိနိုင်တဲ့ စံနှုန်းကို
၀ ပွိုင့် ၀၇ ရာခိုင်နှုန်းရှိတယ်လို့ ကျန်းမာရေး ၀န်ကြီး ဒေါက်တာကျော်မြင့်က ပြောခဲ့တယ်။
အရက်မူးတိုင်းတာ စစ်ဆေးတဲ့ ပုံစံရှိတယ်။ စစ်ဆေးလို့ စက်ကဖော်ပြတဲ့ ကိန်းဂဏန်းအရ
အရက်သောက်ပြီး မောင်းတယ်လို့ ပေါ်ပေါက်ရင် ဒီပုံစံမှာ ယာဉ်မောင်းလက်မှတ်ထိုး ရတယ်။
စစ်ဆေးတဲ့အရာရှိနဲ့ အသိသက်သေ နှစ်ဦး လက်မှတ်ထိုးရတယ်။ ပြီးရင် ယာဉ်မောင်းလိုင်စင်၊
၀ှီးတက် တစ်ခုခုကို ချလန်ဖြတ် သိမ်းဆည်းပြီးတော့ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၂၁ နဲ့
ယာဉ်ပုံစံရယ်၊ စစ်ဆေးချက်ပုံစံကို ပူးတွဲပြီးတော့ မော်တော်ယာဉ်တရားရုံးမှာ တရားစွဲတယ်။
ထောင်ဒဏ်ကတော့ ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ ထောင်ဒဏ် တစ်နှစ်ချမှတ်နိုင်တယ်"
ဟု ဒုရဲမှူးဝင်းလွင်က ပြောသည်။
















