စုပေါင်းရုံးဟု လူသိများသော ရန်ကုန်တိုင်း တရားရုံးကို ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် အဖြစ်
ပုဂ္ဂလိက ကုမ္ပဏီကို ပြောင်းလဲလုပ်ကိုင် ခွင့်ပေးခဲ့ခြင်းအပေါ် မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်၏
တရားစွဲဆိုခြင်းခံရသော ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက အမှုကိစ္စသည်
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် မသက်ဆိုင်သောကြောင့် စိုးရိမ်ခြင်း မရှိကြောင်း
မြန်မာတိုင်း(မ်)ကို ဧပြီလဆန်းက ပြောသည်။
ဟိုတယ်အဖြစ် ပြောင်းလဲလုပ်ကိုင်ခွင့် ပေးရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့က လုပ်ဆောင်
သင့်သည်ဟု ဆိုသောကြောင့်သာ တင်ဒါခေါ်ယူရန် ပြည်ထောင်စုအစိုးရ အဖွဲ့ကသာ
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်ကို ညွှန်ကြားခဲ့ခြင်းဖြစ်သောကြောင့် ၎င်းနှင့်မဆိုင်သည့်
ကိစ္စလည်း ဖြစ်သည်ဟု ဦးမြင့်ဆွေက ပြောသည်။
"ဦးတို့က ဘာမှမဆိုင်ဘူး။ ဒါက ဦးတို့နဲ့ လုပ်တယ်ဆိုပေမယ့် ဒီဟာကို ငှားသင့်တယ်ဆိုပြီး
အပေါ်က ချပေးတာပါ။ ဦးတို့လုပ်တဲ့ တင်ဒါမဟုတ်ဘူး။ အဲဒါကြောင့် ဒီအပေါ်
ဘာမှမစိုးရိမ်ပါဘူး" ဟု ၀န်ကြီးချုပ်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အပြင် တင်ဒါခေါ်ယူသော မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု
ကော်မရှင်နှင့် လုပ်ကိုင်ခွင့်ရသော Flying Tiger ကုမ္ပဏီတို့ကိုလည်း တရားစွဲရန် မြန်မာနိုင်ငံ
ရှေ့နေများကွန်ရက်သည် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ဧပြီ ၃ ရက်က
တတိယအကြိမ်အဖြစ် အမှုလျှောက်ထားကြောင်း ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်
ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်သည် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလကတစ်ကြိမ်၊ ၂၀၁၄ ခုနှစ်၊
နိုဝင်ဘာလက တစ်ကြိမ် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ အမှုလျှောက်ထားခဲ့
သော်လည်း တရားရုံးမှ အကြောင်း ပြချက်မပေးဘဲ အမှုကို လက်မခံခဲ့သည့်အတွက်
အမှုလျှောက်လဲချက်ကို ပိုမိုပြည့်စုံစွာဖြင့် တတိယအကြိမ်အဖြစ် လျှောက်ခဲ့ခြင်း ဖြစ်သည်ဟု
၎င်းကဆိုသည်။
"ဒီတစ်ခါကျရင်တော့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်မပါဘဲ ငြင်းရင်တော့ ကျွန်တော်တို့ဘက်က
ဒီအတိုင်းလက်ခံတော့မှာ မဟုတ်ပါဘူး။ အရင်နှစ်ကြိမ်က အမှုလက်ခံစိစစ်ရေး ဌာနကပဲ
ဘာအကြောင်းပြချက်မှ မပါဘဲ လက်မခံဘူးဆိုပြီး အကြောင်းပြန်ခဲ့ပါတယ်" ဟု
ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်တိုင်းတရားရုံးကို
ဟိုတယ်အဖြစ် ပြောင်းလဲလုပ်ကိုင်ခွင့် ပေးခဲ့သည့် ကိစ္စသည် ၎င်းနှင့်မသက်ဆိုင်ဟု
ပြောကြားခြင်းအပေါ် ရှေ့နေဦးကြီးမြင့်က နားမလည်နိုင်ဖြစ်ရကြောင်းနှင့် ၀န်ကြီးချုပ်နှင့်
သက်ဆိုင်သည်ဟူသော သက်သေများ ရှိသည်ဟုလည်း ဆိုသည်။
လက်ရှိအချိန်တွင် Flying Tiger ကုမ္ပဏီ သည် အဆောက်အအုံကို ပြန်လည်ပြင်ဆင်ခြင်း
လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ရာ ဒီဇိုင်းပိုင်းအားဖြင့် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သော်လည်း
ပြင်ဆင်ခြင်းလုပ်ငန်းကိုမူ စတင်နိုင်ခြင်း မရှိသေးကြောင်း ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ
ဦးသောင်းထိုက်က ပြောသည်။
"အခုတော့ ခေါင်မိုးတွေပြင်ပေးနေပါတယ်။ နောက်ပြီး ကျွန်တော်တို့က နိုင်ငံက ချမှတ်ထားတဲ့
စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်တာဖြစ်တဲ့အတွက် တရားစွဲဆိုမှုတွေ ဖြစ်လာတဲ့အခါ
အခုလုပ်နေတဲ့ လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်လာမယ်လို့ မထင်ပါဘူး"ဟု အဆိုပါ
မန်နေးဂျင်းဒါရိုက်တာက ဆိုသည်။
Flying Tiger ကုမ္ပဏီသည် အခန်း ၂၀၀ ပါ နိုင်ငံတကာအဆင့်မီဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန်
စာချုပ်ချုပ်ဆိုထားပြီး ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေသည်။

















