လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများ၏ မဲစာရင်းများကို ရန်ကုန်တိုင်းဒေသကြီး
အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ အစမ်းကပ်ခဲ့ရာ
လျှောက်လွှာပြန်လည်တင်သွင်းသူ စုစုပေါင်း ၈,၆၀၀ ကျော်သာရှိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
မဲစာရင်းများ ကပ်ထားသည့် ရက်သတ္တပတ်နှစ်ပတ်အတွင်း မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်
လျှောက်လွှာ ၄,၅၀၀ ခန့်၊ အချက်အလက်မှားယွင်း၍ ပြင်ဆင်ပေးရန် လျှောက်လွှာ ၂,၉၀၀ ခန့်နှင့်
မပါသင့်သူများ ပါ၀င်နေသောကြောင့် ကန့်ကွက်ကြောင်း လျှောက်လွှာ ၁,၂၀၀ ခန့်
လက်ခံရရှိခဲ့ကြောင်း အမည်မဖော်လိုသူ ၎င်းအရာရှိကပြောသည်။
"ပုံစံ ၃ က ၄၅၀၀၊ ပုံစံ ၄(ဂ) က ၂၉၀၀ နဲ့ ပုံစံ ၄ က ၁၂၀၀ လောက် လက်ခံရရှိပါတယ်"ဟု
၎င်းက ပြောသည်။
ပုံစံ ၃ ဆိုသည်မှာ မိမိအမည် မဲဆန္ဒရှင်စာရင်းတွင် မပါ၀င်ပါက ထည့်သွင်းပေးရန်အတွက်
လျှောက်လွှာဖြစ်ပြီး၊ ပုံစံ ၄ (ဂ)မှာ မဲဆန္ဒရှင်စာရင်းတွင် ပါ၀င်နေသည့် အချက်အလက်များအနက်
မိမိ၏ အချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးရန်အတွက် လျှောက်လွှာဖြစ်ကာ
ပုံစံ ၄ မှာ မဲစာရင်းတွင် မပါ၀င်သင့်၊ မပါ၀င်ထိုက်သူများ (ဥပမာ - ကွယ်လွန်ပြီးသားသူများ) ကို
ကန့်ကွက်ရန် တင်သွင်းသည့် လျှောက်လွှာ ဖြစ်သည်။
ပုံစံ ၄ တင်သွင်းကြသူများအနက် အများစုမှာ သေဆုံးပြီးသူများ မဲစာရင်းတွင်
ပါ၀င်လာသောကြောင့် ကန့်ကွက်သည့် ကန့်ကွက်လွှာများဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုက မြန်မာတိုင်း(မ်)ကို ပြောသည်။
"သေပြီးသားလူတွေ နာမည်စာရင်း ပြန်ပါလာတာကို ကန့်ကွက်တဲ့ လျှောက်လွှာကတော့
များပါတယ်။ ဒါတွေကို ကျွန်တော်တို့ အခု စတင်ပြင်ဆင်နေပါပြီ" ဟု ဦးကိုကိုက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်း ကောက်ယူရာတွင် ပထမအဆင့်အဖြစ် ဗိုလ်တထောင်၊
ပုဇွန်တောင်၊ ဒေါပုံ၊ ဆိပ်ကြီး ခနောင်တို၊ ဆိပ်ကမ်း၊ ဒဂုံ၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်နှင့်
ကမာရွတ် စသည့် မြို့နယ် ၁၀ မြို့နယ်ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူစာရင်းကို တိုင်းဒေသကြီး
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၁၄ ခုနှစ်နှောင်း ပိုင်းတွင် စတင်ပြုစုခဲ့သည်။
ပြုစုပြီးသော စာရင်းများအရ ထိုမြို့နယ်များတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ နှစ်သိန်းလေးသောင်း
ကျော်ရှိသည်။
ရွေးကောက်ပွဲဆိုင်ရာ အရပ်ဘက်အဖွဲ့ အစည်းတစ်ခုဖြစ်သည့် နယူးမြန်မာဖောင်ဒေးရှင်းအဖွဲ့က
မမြနန္ဒာက အများပြည်သူထံသို့ သတင်းအချက်အလက် ရောက်ရှိမှု နည်းပါးသောကြောင့်
ပြန်လည်လက်ခံရရှိသည့် ပုံစံ၊ လျှောက်လွှာများ နည်းပါးခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။
"အဓိကကတော့ မဲစာရင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပြည်သူတွေဆီကို
ကျယ်ကျယ်ပြန့်ပြန့် မရောက်ဘူးလို့ ထင်တယ်။ နောက်ပြီး မဲစာရင်းကပ်တဲ့ အချိန်ကလည်း
ရုံးတက်ရတဲ့ သူတွေအတွက် အဆင်ပြေတဲ့ အချိန်တွေ ဖြစ်သင့်တယ်" ဟု ၎င်းက ပြောသည်။
"မဲစာရင်းတွေကတော့ အကုန်လုံး ပြီးပြည့်စုံလို့ ပြန်လည်တင်ပြလျှောက်ထားတဲ့သူ အရေအတွက်
နည်းတယ်လို့ ကျွန်မတို့ကတော့ မထင်ပါဘူး"ဟု ၎င်းက ပြောသည်။
အကြိုမဲစာရင်း ကပ်ထားစဉ်ကာလအတွင်း မဲဆန္ဒရှင်အသိပညာပေးခြင်းလုပ်ငန်းနှင့်
စောင့်ကြည့်ခြင်း လုပ်ငန်းများတွင် ကူညီရန်အတွက် တိုင်းဒေသကြီးရွေးကောက် ပွဲကော်မရှင်
အဖွဲ့ခွဲက အရပ်ဘက်အဖွဲ့ အစည်း ၃၀ ခန့်နှင့် တွေ့ဆုံခဲ့သည်။
ယင်း အရပ်ဘက် အဖွဲ့အစည်းများအနက် အချို့ က အစီရင်ခံစာ တင်သွင်းလိမ့်မည်ဟု
ယုံကြည်ကြောင်း ဦးကိုကိုက ဆိုသည်။
ယခုအချိန်တွင် ဒုတိယအဆင့်အဖြစ် ၁၄ မြို့နယ်တွင် မဲစာရင်းပြုစုခြင်းကို အဆုံးသတ်နေပြီ
ဖြစ်ကြောင်းနှင့် မေလအတွင်း အဆိုပါမြို့နယ်များတွင် မဲစာရင်းများ အကြိုကပ်မည်ဟု ဦးကိုကိုက
ပြောသည်။
ဒုတိယအဆင့် ၁၄ မြို့နယ်တွင် ဒဂုံမြို့ သစ် (တောင်၊ မြောက်၊ အရှေ့) သုံးမြို့နယ်၊ မြောက်ဥက္ကလာပ၊
သင်္ဃန်းကျွန်း၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊
လှိုင်သာယာနှင့် ထန်းတပင် စသည့် မြို့နယ်များ ပါ၀င်သည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလနှောင်း ပိုင်း၊ သို့မဟုတ် နိုဝင်ဘာလ ပထမအပတ်အတွင်း
ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာထားပြီး
ယင်းကဲ့သို့ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းကို
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက ပြုစုလျက်ရှိသည်။
















