အမြဲစိမ်းယာဉ်လိုင်း အောင်မြင်သော်လည်း အမြတ်မရှိသောကြောင့် ၀န်ထမ်းအင်အား လျှော့ချ

အမြဲစိမ်းယာဉ်လိုင်း အောင်မြင်သော်လည်း အမြတ်မရှိသောကြောင့် ၀န်ထမ်းအင်အား လျှော့ချ

မြောက်ဒဂုံမြို့နယ်မှနေ၍ ဆူးလေသို့ ပြေးဆွဲနေသည့် အမြဲစိမ်းယာဉ်လိုင်းမှာ ခရီးသည်များ
ကြိုက်နှစ်သက်မှု ရရှိပြီး အောင်မြင်သော်လည်း အခြားအကြောင်းများကြောင့် လစဉ်အရှုံးပေါ်လျက်
ရှိသဖြင့် ဧပြီလ ဒုတိယပတ်အတွင်းက ၀န်ထမ်းအချို့ကို လျှော့ချခဲ့သည်။

အဆိုပါ ယာဉ်လိုင်းမှာ အိုင်ပေးကတ်စနစ်ဖြင့် ကားခပေးချေသည့်စနစ်ကို ကျင့်သုံးပြီး မြောက်ဒဂုံမှ
ဆူးလေသို့သွားရာ လမ်းတစ်လျှောက်တွင် မှတ်တိုင် ၁၂ တိုင်သာ ရပ်ခြင်းကြောင့် အချိန်ကုန်
သက်သာသည့်အတွက် ခရီးသည်များမှ နှစ်ခြိုက်ပြီး ကားစီးရေ ရ၅ စီး အထိ ထပ်မံတိုးချဲ့ရန်အထိ
ရည်ရွယ်ထားခဲ့သည်။

သို့သော် ယာဉ်ကြောကျပ်တည်းခြင်း၊ အစိုးရက စီအင်န်ဂျီ လုံလောက်စွာ မပေးနိုင်ခြင်း၊
အိုင်ပေးကတ်ကို အစိုးရဝန်ထမ်းများနှင့် တက္ကသိုလ်ကျောင်းသားများသာ စီးနိုင်ခြင်းအပြင်
အခြားကုန်ကျစရိတ်များကြောင့် စတင် ပြေးဆွဲသည့်အချိန်မှ ယခုအချိန်အထိ လစဉ်
အရှုံးပေါ်ခဲ့သည်ဟု သိရသည်။

"အမှန်ကတော့ ကျွန်တော်တို့ ၀န်ထမ်းတွေကို ဖြုတ်လိုက်တာ မဟုတ်ပါဘူး။ လျှော့ချ လိုက်တာပါ။
စစချင်းက ကားစီးရေ ၂၅ စီးကနေ နောက်ထပ် လေးစီး ထပ်ရောက်လာတယ်။ ဒါပေမဲ့ အဲဒီ
လေးစီးကို နိုင်ငံတော်က စီအင်န်ဂျီ မပေးနိုင်တဲ့အတွက် သုံးလို့ မရဘူး။ ပထမက ခရီးသည်ကို
၀န်ဆောင်မှုပေးဖို့အတွက် လူ ၅၀ ခန့်ထားတယ်။ တကယ်ပြေးတဲ့အချိန်မှာ စီအင်န်ဂျီ ထည့်ရတဲ့
အခက်အခဲရှိတယ်။ ကားတွေပျက်တဲ့အချိန် ရှိတဲ့အတွက် အများဆုံးမှ တစ်နေ့ကို ကား ၁၈ စီးပဲ
ထွက်နိုင်တဲ့အတွက် လူက ၃၆ ယောက်လောက်ပဲ လိုတယ်။ ဒါကြောင့်လျှော့လိုက်တာ
ဖြစ်ပါတယ်"ဟု အမြဲစိမ်းယာဉ်လိုင်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးလှဝင်း က ပြောသည်။

ယာဉ်တစ်စီးလျှင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ပေးရသည့် ခေါက်ကြေးနှင့် စီအင်န်ဂျီဖိုး
အပါအဝင် တစ်ခေါက်လျှင် ကျပ် ၁၀,၀၀၀ ကျော်ခန့်ကျသင့်သော်လည်း အဆိုပါ ကုန်ကျစရိတ်ကို
မကာမိသည့် အခေါက်များရှိသည်ဟု ဆိုသည်။

"ကျွန်တော်တို့ ကားအားလုံး တစ်နေ့ကို ၂၉ ခေါက်ပြေးတာမှာ ၂၉ ခေါက်လုံးရှုံးတယ်။
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကတည်း ကစပြီး ဒီတိုင်းပဲဖြစ်ခဲ့တယ်။ ဒီလိုင်းကို မြောက်ဒဂုံ
ထဲမှာရှိတဲ့ ၀န်ထမ်းတွေ အကုန်လုံးစီးတယ်။ တက္ကသိုလ် ကျောင်းသားတွေလည်း စီးတယ်။
လိုင်းအနေနဲ့ အောင်မြင်တယ်။ စီးတဲ့ သူများတယ်။ ဒါပေမဲ့ ကုမ္ပဏီက တစ်လကို
ကျပ်သိန်း ၂၀၀ လောက်ရှုံးတယ်။ ဘာလို့လဲဆို အခြေခံလူတန်းစားက အိုင်ပေးကတ်နဲ့
မစီးချင်ကြဘူး။ အိုင်ပေးကတ်ဖိုးက ကျပ် ၃၀၀၊ ပိုက်ဆံက ကျပ် ၁,၀၀၀ ထည့်ရတယ်။
စစချင်းမှာတင် ကျပ် ၁,၃၀၀ ရင်းရတယ်။ သာမန်လက်လုပ်လက်စားသမားက ရန်ကုန်မြို့ထဲ
လာရင် သူ့ဆီမှာ ကျပ် ၅၀၀၊ ၁,၀၀၀ အပြင်ပိုမပါဘူး။ အဲဒီတော့ အိုင်ပေးကတ်ကို သူတို့က
မလုပ်ချင်ဘူး"ဟု ဦးလှဝင်းက ပြောသည်။

"ကျွန်တော်တို့ မူလရည်မှန်းချက်ကလည်း ယာဉ်တစ်စီးမှာ အရောင်းဝန်ထမ်း တစ်ယောက်ပဲ
ထားဖို့ပါ။ ဒါပေမဲ့ အိုင်ပေးကတ်အသုံးပြုတဲ့အခါမှာ ခရီးသည်တွေမြန်ဆန်စွာ အသုံးပြုနိုင်အောင်
ကူညီဖို့ နှစ်ယောက် ခန့်ထားခဲ့တာပါ။ ဒါကြောင့်လည်း လျှော့လိုက်တာဖြစ်ပါတယ်။ နောက်ပိုင်းဆို
ယာဉ်အကူတောင် မထားတော့ဘဲ စက်နဲ့ပဲ သုံးသွားမှာ ဖြစ်ပါတယ်"ဟု ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားရေးမှူး ဦးတင်ဝင်းအောင် က ပြောသည်။

အမြဲစိမ်းယာဉ်လိုင်းမှာ ကုန်းလမ်းပို့ဆောင်ရေးဌာနနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကာ ရန်ကုန်မြို့၏
ခရီးသည်သယ်ယူပို့ဆောင်ရေးတွင် စနစ်တကျနှင့် အချိန်တိုအတွင်း ခရီးသည်များ သက်သောင့်
သက်သာနှင့် လိုရာခရီးသို့ သွားလာနိုင်ရန် ရည်ရွယ်ပြီး အကယ်၍ အဆိုပါ ယာဉ်လိုင်း
အောင်မြင်ပါက အခြား ယာဉ်လိုင်းများလည်း ၎င်းတို့ ကဲ့သို့ပင် လုပ်ဆောင်လာခြင်းအားဖြင့်
ခရီးသည်သယ် ယူပို့ဆောင်ရေး အဆင့်မြင့်လာစေရန် ရည်ရွယ်ထားသည်။

"ကျွန်တော်တို့ စလုပ်ကတည်းက ရှုံးမယ် ဆိုတာတော့သိပါတယ်။ ဒါပေမဲ့ စံပြယာဉ်လိုင်း
တစ်ခုအနေနဲ့ လုပ်ဆောင်ပြီး တခြား ယာဉ်လိုင်းတွေပါ ခရီးသည်တွေကို ၀န်ဆောင်မှု
ကောင်းကောင်းနဲ့ ပြေးဆွဲပေးတာကို စိတ်ဝင်စားလာဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့
ယာဉ်လိုင်းက နိုင်ငံတကာအဆင့်မီ ပြုလုပ်ထားပေမယ့် ကျွန်တော်တို့က တခြားယာဉ်လိုင်းတွေလို
ဘယ်နေရာစီးစီး ကျပ် ၂၀၀၊ ၃၀၀ စသည်ဖြင့် ကောက်ခံခွင့်ကို သက်ဆိုင်ရာက ခွင့်မပြုဘူး။
ကျွန်တော်တို့က ခရီးစဉ်အကွာအဝေးပေါ်မူတည်ပြီး ကျပ် ၅၀ ၊ ၁၀၀၊ ၂၀၀ စသဖြင့်ကောက်ရတယ်။
အိုင်ပေးကတ်သုံးတဲ့အခါမှာ ဘယ်နေရာဖြစ်ဖြစ် တစ်သမတ်တည်းကောက်ခံတာက
ပိုအဆင်ပြေတယ်။ ဒါပေမဲ့ အခု အဲလိုမဟုတ်တဲ့အတွက် ဒါကလည်း ယာဉ်လိုင်းရှုံးရတဲ့အထဲမှာ
အချက် တစ်ချက်အနေနဲ့ ပါ၀င်နေတယ်"ဟု ဦးလှဝင်း က ပြောသည်။

ယာဉ်ကြောကျပ်တည်းမှုကြောင့် ကားများမှာ လမ်းပေါ်တွင်ပင် အချိန်ကုန်နေရသည့်အပြင်
အမြဲစိမ်းယာဉ်လိုင်းတွင် တပ်ဆင်ခွင့်ပြုထားသည့် စီအင်န်ဂျီ အိုးများမှာ ၃၂၀ လီတာ ခန့်သာ
တင်ဆောင်နိုင်သောကြောင့် တစ်နေ့လျှင် နှစ်ကြိမ်ခန့် စီအင်န်ဂျီ ဆိုင်တွင် တန်းစီနေရပြီး
မီးပြတ်နေသည့် အအချိန်များတွင် အချိန်ပိုမိုယူရခြင်းကြောင့် မှန်းထားသည့်ခေါက်ရေ
မပြည့်မီခြင်းများ ဖြစ်လာသည်။

"ဂက်စ်အိုးက နည်းတော့ ခရီးစဉ်တစ်ခေါက်ပြီးရင် တစ်ခါထည့်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဂက်စ်က
ကြိုက်သလောက်တော့ထည့် လို့ရတယ်။ ဒါပေမဲ့ တစ်ခါတည်း လုံလုံလောက် လောက်ထည့်လို့
မရတော့ ဂက်စ်ထည့်ဖို့အချိန် ပေးရတယ်။ ခေါက်ရေလည်း မပြည့်ဘူး။ လမ်းပိတ်ဆို့မှုလည်း
ဖြစ်တယ်။ အမှန်တကယ် မောင်းရင် လမ်းကြောင်းတစ်ခုအတွက် မိနစ် ၄၀ လောက်ပဲကြာတယ်။
ဒါပေမဲ့ နေ့လယ်ဘက်ရောက်လာလေ၊ လမ်းကျပ်လာလေဖြစ်ပြီးတော့ တစ်ခေါက်နဲ့တစ်ခေါက်
အချိန်ကပိုကြာလာတယ်။ အဲဒီတော့ ဘယ်လိုမှ မကိုက်တော့ဘူး"ဟု ဦးလှဝင်း ကပြောသည်။

အမြဲစိမ်းယာဉ်လိုင်းမှာ ယခုကဲ့သို့ အရှုံးပေါ်နေသော်လည်း ဆက်လက်ပြေးဆွဲရန် ရည်ရွယ်ထားပြီး
ယာဉ်စီးခကိုပြောင်းလဲပေးရန်နှင့် စီအင်န်ဂျီအိုးများကို ယခုထက်ပိုမို တင်ဆောင်ခွင့်ရရန်
တင်ပြထားကြောင်းလည်း သိရသည်။

"အမှန်တကယ်က ကျွန်တော်တို့က နိုင်ငံတော်ကိုယ်စား လုပ်ပေးတာ။ စစချင်းတော့ ရှုံးမယ်ဆိုတာ
သိတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မမြတ်တောင် မရှုံးဖို့တော့လိုတယ်။ အဓိက ကတော့ မူဝါဒပေါ့။
ကျွန်တော်တို့က သယ်ယူပို့ဆောင်ရေး တိုးတက်လာဖို့အတွက် ဒီလို ကားတွေနဲ့လုပ်ရင်
ဘယ်လောက်ရင်းရတယ်၊ ဘယ်လိုကုန်ကျစရိတ် ရှိတယ်ဆိုတာကို ပြချင်တာ။ အခုလည်း
ဆက်လက်ရပ်တည်နိုင်အောင် ကျွန်တော်တို့ အဖြေရှာရမယ်။ လူကြီးတွေက ဘယ်လိုလုပ်ပေးမလဲ
ဆိုတာကို တင်ပြထားတယ်။ လက်ရှိမှာ ခရီးသည်တင် ဘတ်စ်ကား ၆,၀၀၀ ကျော်ရှိတယ်
ဆိုပေမယ့် တကယ် ယာဉ်ထွက်နိုင်တာက ၄,၀၀၀ ကျော်ပဲ ရှိတယ်။ ဒါကြောင့်ခရီးသည်တွေ
အတွက် လိုအပ်မှုတွေရှိနေသေးတယ်။ ဒီလိုင်းလေး အောင်မြင်သွားရင် တခြား လိုင်းတွေလည်း
လိုက်လုပ်ကြမလားလို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ပြေးခဲ့တာပါ"ဟု ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားရေးမှူး ဦးတင်ဝင်းအောင် က ပြောသည်။

"ကျွန်တော်တို့ ယာဉ်လိုင်းက အောင်မြင်တယ်။ မထသကတောင် ကျန်တဲ့ယာဉ်လိုင်းတွေကို
ကျွန်တော်တို့ လိုင်းလိုဖြစ်လာအောင် လုပ်ခိုင်းမယ်လို့ပြောတယ်။ ဒါပေမဲ့ ပုဂ္ဂလိကယာဉ်လိုင်းတွေ
ကတော့ ကျွန်တော်တို့လို လုပ်နိုင်မယ်မထင်ဘူး။ အဲကွန်းအပြည့်နဲ့ ပြေးတဲ့ ကား လေးငါးစီး
အမှတ် ၄၈ ယာဉ်လိုင်းမှာရှိတယ်။ ဒါပေမဲ့ သူတို့က မှတ်တိုင်မှာ ခရီးသည်အကြာကြီး
ရပ်စောင့်တာမျိုးတွေရှိတယ်။ ပြီးတော့ သူတို့က ပုတ်ပြတ် ၂၀၀၊ ၃၀၀ စသဖြင့်ရတယ်။
ကျွန်တော်တို့ကျတော့ ကျပ် ၅၀၊ ၁၀၀ ကို အိုင်ပေးကတ်နဲ့ ဖြစ်အောင်လုပ်နေရတာ"ဟု
ဦးလှဝင်း က ပြောသည်။

လျှော့ချပစ်လိုက်သည့် ၀န်ထမ်းများအတွက် ဧပြီလ ၁၀ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနက
ညွှန်ကြားချက်အတိုင်း ၎င်းတို့၏ လစာ သုံးလစာကို ကုမ္ပဏီက နစ်နာကြေးအဖြစ် ပေးအပ်ခဲ့ပြီး
ဖြစ်ကြောင်းသိရသည်။

၀န်ထမ်းအများစုမှာ အမျိုးသမီးများဖြစ်ကြပြီး ခရီးသည်များကို ၀န်ဆောင်မှုပေးသည့်
အရောင်းဝန်ထမ်း ၁၆ ဦးနှင့် အခြား ၀န်ထမ်း သုံးဦး ပါ၀င်ခဲ့သည်။

ယာဉ်နောက်လိုက်များကို ဧပြီလ ၈ ရက် နေ့တွင်မှ စတင်ခါ လူအင်အားလျှော့ရန်
အသိပေးခဲ့သောကြောင့် ယာဉ်နောက်လိုက်များက သုံးလစာ နစ်နာကြေးရသည့်အပြင် အဆိုပါ
ရှစ်ရက်အတွက်ပါ လစာ လိုချင်သော်လည်း ကုမ္ပဏီက မပေးခဲ့ဟု သိရသည်။

"ကျွန်မတို့က ၈ ရက်အတွက် လစာလေးတော့ လိုချင်တယ်။ ဒါပေမဲ့ ကုမ္ပဏီက သုံးလစာထဲမှာ
ပါပြီးသားလို့ ပြောတယ်။ ဒါကြောင့် ကျွန်မတို့လည်း မပြောတော့ဘူး။ ပြီးတော့ ဒီယာဉ်လိုင်းက
အောင်မြင်တယ်။ ဒါပေမဲ့ ကုမ္ပဏီက ၀င်ငွေအရရှုံးတယ်။ ကုမ္ပဏီဘက်ကကြည့်ရင်လည်း
ကိုယ်ချင်းစာပါတယ်။ အဲဒီမှာလုပ်နေရတဲ့ အချိန်အတွင်းမှာတော့ အဆင်ပြေတယ်။ ကျေလည်း
ကျေနပ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ရေရှည်ရပ်နိုင်စေချင်တယ်"ဟု လူအင်အားလျှော့ရာ
တွင် ပါ၀င်သွားခဲ့သူ မရမ်းကုန်းမြို့နယ်မှ မစန္ဒာလွင် က ပြောသည်။

အမြဲစိမ်းယာဉ်လိုင်းတွင် တာဝန်ထမ်း ဆောင်နေသော ယာဉ်မောင်းများကို အခြေခံလစာ
ကျပ် ၁၅၀,၀၀၀ ပေးထားပြီး ခေါက်ကြေးက တစ်ခေါက်လျှင် အနည်းဆုံး ကျပ် ၃၅၀၀ မှ ၅,၀၀၀
အထိ ပေးလေ့ရှိပြီး ယာဉ်နောက်လိုက်များအတွက် အခြေခံလစာ ကျပ် ၁၀၀,၀၀၀ နှင့် ခေါက်ကြေး
အနေဖြင့် တစ်ခေါက်လျှင် ကျပ် ၁,၀၀၀ ပေးကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး