ရန်ကုန်ဆိပ်ကမ်းအဝင် မြစ်သုံးစင်း ဆုံရာ၌ သောင်တူးလုပ်ငန်းများ အချောသပ်နေ

ရန်ကုန်ဆိပ်ကမ်းအဝင် မြစ်သုံးစင်း ဆုံရာ၌ သောင်တူးလုပ်ငန်းများ အချောသပ်နေ

ပဲခူးမြစ်၊ ပန်းလှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ဆုံရာနေရာ၌ သင်္ဘောကြီးများဖြတ်သန်းသွားလာမှု
ကောင်းမွန်စေရန် သောင်တူးစက်များဖြင့် သောင်တူးခဲ့ပြီးနောက် ယခုအခါတွင် သောင်များကို
မြေညီညာစေရန် သောင်တူးစက်လေးခုဖြင့် ညှိနေကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းဌာနမှူးချုပ် ဦးအောင်ကျော်ထူးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

ရန်ကုန်မြို့ အတွင်းဘက် ဆိပ်ကမ်းတွင် အတွင်းစည်းခုံဖြစ်သည့် အဆိုပါနေရာတွင်
ယခုလဆန်းပိုင်းမှ စတင်တူးဖော်ခဲ့ရာတွင် Star Hight ကုမ္ပဏီက အသုံးပြုသည့် ၎င်း၏
သောင်တူးစက်ဖြင့် ဧပြီလဆန်းမှ ဧပြီလ ၁၁ ရက်နေ့ နံနက်အထိ တူးဖော်ပေးခဲ့ရာ သောင်တူးမှု
အကြမ်းထည်ပြီးစီးသွားသဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သောင်တူးစက်များဖြင့်
ဆက်လက်တူးဖော်အချောသပ်နေခြင်း ဖြစ်သည်။

"အခုဆိုရင် သူတို့တူးပေးတဲ့ ၁၁ ရက်မှာ အကြမ်းဖျင်းတူးဖော်မှု ပြီးသွားတာကြောင့်
ကျန်ရှိနေသေးတဲ့ ရေပြင်အောက်မြေသားပြုပြင် ညီညာမှုအတွက် ကျန်နေသေးတဲ့ သောင်အချို့
အတွက်ကို ဆိပ်ကမ်းအာဏာပိုင်မှာ ရှိနေတဲ့ စက်လေးလုံးနဲ့ တစ်ရက်ကို စက်နှစ်လုံး အသုံးပြုပြီး
အလှည့်ကျဆက်လက် လုပ်ဆောင်နေပါတယ်။ ဘယ်နေ့အထိ ဆက်လုပ်ရမယ် ဆိုတာကိုတော့
အတိအကျပြောလို့ မရသေးပါဘူး" ဟု ဦးအောင်ကျော်ထူးက ပြောကြားသည်။

"ရှေ့က လုပ်သွားပေးတဲ့ စက်က စက်ကြီးဖြစ်တာကြောင့် တချို့ကွေ့လေးတွေမှာဆိုရင်
အဲဒီသောင်တူးစက်က ၀င်လို့ မရတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ ဒါကြောင့် ကျန်နေခဲ့တဲ့
အပိုင်းတွေမှာပါ ညှိပေးရမှာဖြစ်လို့ ကြာပါဦးမယ်။ နောက်ပိုင်းမှာတော့အပြင် စည်းခုံဖြစ်တဲ့
နေရာတွေကိုလည်း လုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

"အရင်တုန်းက ၃ ဒသမ ၅ မီတာရေ အနက်လောက်ရှိတဲ့ နေရာတွေဆိုရင် သင်္ဘောကြီးတွေ
ဖြတ်သန်းသွားလာဖို့ အခက်အခဲရှိခဲ့ပါတယ်။ အခုဆိုရင် ရေအနည်းဆုံးကာလမှာတောင်
၄ ဒသမ ၅ မီတာ အနက်လောက် ရှိနေမယ့် အခြေအနေမျိုးဖြစ်သွားမှာ ဖြစ်ပါတယ်" ဟု
ဦးအောင်ကျော်ထူးက ပြောကြားသည်။

ရန်ကုန်ဆိပ်ကမ်းသို့ ၀င်ရောက် ဆိုက်ကပ်နိုင်သည့် အကြီးဆုံး သင်္ဘောအလျားမှာ ၁၆၇ မီတာ
ဖြစ်ပြီး ရန်ကုန်အပြင်ဘက်ဆိပ်ကမ်း ဖြစ်သည့် သီလဝါစသည့်နေရာများသို့ ၀င်ရောက်နိုင်သော
သင်္ဘောအလျားအား မီတာ၂၀၀ ဟု သတ်မှတ်ထားသည်။

သင်္ဘောများ၏ ရေစူးအနက်မှာ ကိုးမီတာ နှင့် တန်ချိန်များအား တစ်သောင်းခွဲဟု
သတ်မှတ်ထားသည်။

ရန်ကုန်ဆိပ်ကမ်းများသို့ သင်္ဘောဝင် ထွက်မှု များပြားလာမှုကြောင့် ရေကြောင်းဌာနချုပ်က
သောင်တူးရန် စီစဉ်ထားရာ Star Hight ကုမ္ပဏီက ကမ္ဘောဒီးယားနိုင်ငံမှ သောင်တူးစက်ဖြင့်
အကုန်အကျခံ ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သူတို့ကုမ္ပဏီက ပရောဂျက်တစ်ခု အတွက်ရောက်နေတဲ့အချိန်မှာ သွားရင်းဟန်လွှဲဝိုင်းကူ
လုပ်ပေးတဲ့ သဘောပါပဲ။ သီးသန့် လာရောက်ကူညီတာမျိူးတော့ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံမှာ
ဖြစ်ပေါ်နေတဲ့ လိုအပ်ချက်ကို ၀င်ရောက်ဖြည့်ဆည်းပေးတဲ့ သဘောပါပဲ"ဟု ဦးအောင်ကျော်ထူးက
ပြောသည်။

မြန်မာနိုင်ငံတွင်း မြစ်ကြောင်းများတွင် သင်္ဘောများ ၀င်ထွက်သွားလာရေးနှင့် ဆိပ်ကမ်း
ကောင်းမွန်ရေးစသည်တို့အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကိုင်တွယ်လုပ်ဆောင်ပြီး
ကျန်သည့် သောင်တူးခြင်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက
ကိုင်တွယ် လုပ်ဆောင်နေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး