ရ ရထားကြီး ပျော်ပျော်စီးလို့

ရ ရထားကြီး ပျော်ပျော်စီးလို့

ရုံးတက်ရုံးဆင်း အချိန်မှတ်တမ်းအတွက် လက်ဗွေနှိပ်တဲ့စက်မှာ လက်ဗွေနှိပ်ပြီးတော့ အချိန်ကို
ကြည့်လိုက်တော့ ၉ နာရီနဲ့ ၃ မိနစ်။

ဒီနေ့ ခါတိုင်းထက်တောင် စောနေသေးတယ်ဆိုပြီး ကျေနပ်ပြံုး ပြံုးလိုက်မိတယ်။
သာသာ ယာယာပါပဲ။

ဒီလိုသာယာနေတာ တစ်လလောက်တော့ ရှိပြီ။ ဘာဖြစ်လို့လဲဆို ရုံးကို ရထားပဲစီးလာတော့တယ်
လေ။ အချိန်မှန်ရောက်တယ်။ ရထားဝင်ချိန်နောက်ကျတဲ့ရက်ဆို အများဆုံး ၁၅ မိနစ်လောက်ပဲ
ပုံမှန်ထက် နောက်ကျတယ်။

စပယ်ယာတွေရဲ့ အော်ဟစ်ဆူပူသံတွေ မကြားရဘူး။ လမ်းမှာ ယာဉ်ကြောပိတ်ဆို့နေလို့
အချိန်အကြာကြီးစောင့်ရတဲ့ဒုက္ခ၊ ရုံးကို အချိန်မီ ရောက်ပါ့မလားဆိုတဲ့ သောကမရှိတော့ဘူး။

ထိုင်ခုံတွေမှာထိုင်ရတာလည်း သက်သောင့်သက်သာပဲ။ မတ်တတ်ရပ်ရတဲ့ တိုင်အောင်
သက်သက်သာသာနဲ့ ရပ်နိုင်ပြီး လေဝင်လေထွက်လည်းကောင်းတယ်။ ရန်ကုန်မြို့မှာ
ယာဉ်ကြောပိတ်ဆို့မှု တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာတာကြောင့် အခုဆိုရင် ကိုယ်နဲ့
နီးစပ်ရာဘူတာတွေကနေ မြို့ပတ်ရထားတွေကိုစီးတဲ့ ဦးရေများလာတယ်လို့ပြောလို့ရတယ်။

ဘူတာကိုလမ်း လျှောက်သွားရုံနဲ့ ရတာမျိုးရှိသလို ကိုယ့်အိမ်နဲ့ အနီးဆုံးဘူတာကို ဘတ်စ်ကား
တစ်ဆင့် စီးရတာမျိုးလည်းရှိပါတယ်။

စာရေးသူက မြောက်ဒဂုံမှာနေတဲ့အတွက် အနီးဆုံးဖြစ်တဲ့ တိုးကြောင်ကလေးဘူတာကို
ဘတ်စ်ကားမှတ်တိုင် ခုနစ်တိုင်ရှိပြီး ၁၅ မိနစ် လောက်စီးရတယ်။

တိုးကြောင်ကလေး ဘူတာကနေ မနက် ၈ နာရီ ၁၀ မိနစ်ထွက်တဲ့ ရထားကို စီးတယ်။

လမ်းမှာ ငမိုးရိပ်၊ သင်္ဃန်းကျွန်း၊ နှင်းဆီကုန်း၊ မလွှကုန်းနဲ့ ပုဇွန်တောင်ဘူတာ ငါးဘူတာ ရပ်တယ်။

သင်္ဃန်းကျွန်းဘူတာကတော့ လူစီးအများဆုံး ဘူတာပါ။

ရထားမစီးခင်က ရုံးကိုတစ်ဆင့်တည်းနဲ့ ရောက်တဲ့ ၂၁၃ ဘတ်စ်ကားပဲ စီးတယ်။

ဘတ်စ်ကားစီးတဲ့အခါ စောလွန်းပြန်ရင်လည်း လူကျပ်တယ်။ ယာဉ်ကြောပိတ်တယ်။ နောက်ကျမှ
စီးတော့ထိုင်ခုံတော့ ရပါရဲ့၊ ကြာတယ်။ ရုံးနောက်ကျတယ်။ မြောက်ဒဂုံကနေ ရုံးကို ရောက်ဖို့
၂ နာရီလောက်အချိန်ယူရတယ်။

နောက်တော့ တောင်ဒဂုံမှာနေတဲ့ ရုံးက လုပ်ဖော်ကိုင်ဖက်တချို့က ရထားစီးတယ်ဆိုတာနဲ့
လိုက်စီးကြည့်တာ အဆင်ပြေသွားတယ်။

ဒါတောင် ဘူတာကိုလာဖို့ မှတ်တိုင် ခုနစ်တိုင် လောက်စီးရတဲ့ အချိန်မှာ တချို့ ကားတွေက
ရထားလမ်းပိတ်မှာစိုးလို့ ပုံမှန်လမ်းအတိုင်း မမောင်းဘဲ ရထားလမ်းကို ရှောင်မောင်းပြီး
မှတ်တိုင်ကျော်ရပ်လို့ ရန်ဖြစ်ရတဲ့အခါတွေ ရှိသေးတယ်။

တိုးကြောင်ကလေး ဘူတာဆိုတာက တောင်ဒဂုံနဲ့ မြောက်ဒဂုံနယ်စပ်လို့ ပြောလို့ရတယ်။

အဲဒီနှစ်မြို့နယ် နှစ်ခုစလုံးကနေပြီး ရန်ကုန်မြို့ထဲကို ရုံးတို့၊ ကျောင်းတို့သွားတက်တဲ့ သူတွေအတွက်
တိုးကြောင်ကလေး ဘူတာကနေ ရထားလာစီးရင် ကားစီးတာ ထက်ပိုအဆင်ပြေတယ်။

ဘူတာကို ကားစီးလာ၊ ပြီးရင် ရထားပြောင်းစီး။ နိုင်ငံတကာမှာ ကျင့်သုံးနေသလိုမျိုးပေါ့။

အခုနောက်ပိုင်း ရထားစီးတာ တွင်ကျယ်လာတော့ တချို့ဆို အိမ်ကနေ စက်ဘီးနဲ့ ဘူတာကိုလာ၊
ဘူတာနားက ဆိုင်တစ်ဆိုင်မှာ စက်ဘီးကို ပိုက်ဆံပေးပြီး အပ်တဲ့ စနစ်တောင် ရှိလာပါတယ်။

"ကားလမ်းပိတ်တာ မခံနိုင်လို့ ရထားပဲပြောင်းစီးနေတာကြာပြီ။ ကျွန်တော်က မြောက်ဒဂုံကနေ
ဘူတာကိုစက်ဘီးနဲ့ လာတယ်။ ဘူတာနားက ဆိုင်တစ်ဆိုင်မှာ ပိုက်ဆံ ပေးပြီးအပ်ခဲ့ရတယ်။
အပြန်ကျတော့လည်း ဘူတာကနေပြီး စက်ဘီးစီးပြီးပြန်တယ်။ ဒါပေမဲ့ ညနေဘက် သေချာပေါက်
ရထားစီးမယ့် နေ့မှ စက်ဘီးယူလာတယ်။ နောက်မို့ဆို စက်ဘီးအပ်တဲ့ဆိုင်က တာဝန်မယူနိုင်ဘူး"
လို့ ရထားအမြဲတမ်းစီးတဲ့ မြောက်ဒဂုံက ကိုအောင်ကျော်ကျော် က ပြောတယ်။

ရထားက ဒီလောက်အဆင်ပြေနေတာ အရင်ကတည်းက ဘာလို့ မစီးကြပါလိမ့်ဆိုပြီး
တွေးမိတယ်။

နောက်တော့မှ အကြောင်းရင်း သိရတယ်။ ရထားက တစ်ခါတလေမှာ လာရမယ့် အချိန်
မရောက်ဘဲ ရထားချိန်တစ်ချိန် ပျောက်တာမျိုးတွေရှိပြီးတော့ နောက်တစ်ချိန်နဲ့မှ ပေါင်းစီးရတဲ့
အခါမျိုးတွေ ရှိတယ်လို့ သိရတယ်။

အခုနောက်ပိုင်းကျမှသာ မြို့ပတ် ရထားတွေကို အဆင့်မြှင့်တာတွေ လုပ်လာတာကြောင့်
အချိန်နည်းနည်းမှန်လာတာပါ။

မနက်ပိုင်း စီးဖူးသလောက်တော့ မကြံုဖူးဘူး။ ညနေပိုင်းပြန်တဲ့ အချိန်မှာနှစ်ရက်ဆက် တိုက်ကြံုမှပဲ
သိတော့တယ်။

ညနေရုံးဆင်းချိန်တွေမှာ ရန်ကုန်ဘူတာကြီးကနေ တိုးကြောင်ကလေးကို ၅ နာရီ ၂၅ မိနစ်၊
၆ နာရီ ၃၅ မိနစ်နဲ့ နောက်ဆုံးအခေါက်ကတော့ ရ နာရီ ၃၅ မိနစ်မှာထွက်တဲ့ ရထားတွေရှိတယ်။

ရုံးက ၅ နာရီခွဲမှဆင်းတာဆိုတော့ ၆ နာရီ ၃၅ က အဆင်ပြေလို့ အဲဒီရထားလေး စီးကြည့်တယ်။

တစ်ပတ်လောက်တော့ အဆင်ပြေတယ်။ တစ်ရက်ကျတော့ ရထားကမလာဘူး။

ဒါနဲ့ အိမ်ပြန်နောက်ကျတော့မှာပဲဆိုပြီး ကားပဲပြောင်းစီးလိုက်ရတယ်။

တချို့လည်း ခပ်စောစောကတည်းကပဲ ကားပြောင်းစီးကြတယ်။

ဒါပေမဲ့ တော်တော်များများကတော့ ရထားကို ဆက်စောင့်ကြတယ်။

နောက်တစ်ရက်လည်း အဲဒီလိုပဲ။

လက်မှတ်ရုံကို မေးလိုက်တော့ လာတော့မှာပါဆိုလို့ ဆက်စောင့်လိုက်တာ ရ နာရီကျော်လောက်မှ
ရထားကလာတယ်။

အဲဒီလို အချိန်မမှန်တာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့အပြင် သက်သက်မဲ့အချိန်တစ်ခေါက်
ဖျောက်လိုက်ပြီး ဆီခိုးတာလို့ ရထားစီးလေ့ရှိတဲ့ သူတွေက ပြောကြပါတယ်။

တစ်ချိန် ပျောက်တဲ့အခါ တချို့လည်း စောင့်ရင်းနဲ့ နောက်တစ်ချိန်ထွက်တဲ့ ရထားနဲ့ ပေါင်းစီး
လိုက်ရတာမျိုးရှိတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက လှည်းတန်းကနေ ရထားစီးပြီး ရန်ကုန်မြို့ထဲကို
ရုံးလာတက်လေ့ရှိတဲ့ ဦးခင်မောင်ထွန်း ကတော့ အရင်က ရထားတစ်ချိန် ပျောက်သွားတာမျိုး
ကြံုဖူးပေမယ့် အခုတော့ မဖြစ်တာ ကြာပြီလို့ဆိုပါတယ်။

ဒါပေမဲ့ ရထားနောက်ကျခဲ့ရင်၊ မလာခဲ့ရင်လည်း ဘူတာက တာဝန်ရှိသူတွေက ကြိုတင်
ကြေညာတာမျိုး ရှားသလို ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်မျိုးကိုလည်း ပေးတာမျိုး
မကြားဖူးဘူးလို့ဆိုပါတယ်။

မြန်မာ့မီးရထား(အောက်မြန်မာပြည်)က ဒုတိယအထွေထွေမန်နေဂျာ ဦးဇော်ဖေစိန် ကတော့
"ဒီလိုမျိုးဖြစ်တာက စက်ခေါင်း တစ်ခုခု ချွတ်ယွင်းလို့ဖြစ်မှာပါ။ ကျွန်တော်တို့က တစ်ခေါက်လျော့ရင်
တစ်ခေါက်ဝင်ငွေ လျော့တာပေါ့။ မဆွဲချင်ဘဲ ဘယ်နေပါ့မလဲ။ စက်ချွတ်ယွင်းလို့သာ
ဒီလိုမျိုးဖြစ်တာပါ" လို့ ပြောပါတယ်။

မြို့ပတ်ရထားတွေမှာလည်း ကားတွေလိုပဲ ရုံးတက်ရုံးဆင်းချိန်တွေလောက်ပဲ လူစီးများပြီး
နေ့လယ်ဘက်တွေမှာ လူစီးနည်းတတ်ပါတယ်။

တစ်နေ့ကို မြို့ပတ်ရထားစီးသူ ဦးရေ ၂၅,၀၀၀ ခန့်ရှိတယ်လို့ ဆိုပေမယ့် မြန်မာ့မီးရထားက
ဆီဖိုးစိုက်ထုတ် သုံးစွဲနေရပြီး တစ်နေ့ကို ကျပ် ၁၀ သိန်းခန့် အရှုံးပေါ်တယ်လို့ ၂၀၁၄ ခုနှစ်
စက်တင်ဘာလအတွင်းက ဦးဇော်ဖေစိန်က ပြောခဲ့ဖူးပါတယ်။

မြို့ပတ်ရထားတွေကို အဆင့်မြှင့်တင်ပြီး နောက်ပိုင်းမှာ ရထားစီးနင်းခ လက်မှတ်တွေ
ဈေးနှုန်းပြောင်းလဲခဲ့တယ်။

ဒါပေမဲ့ လက်မှတ် သိမ်းတဲ့စနစ် မရှိတဲ့အတွက် လက်မှတ်တွေကို လက်ဆင့်ကမ်းစီးတာကြောင့်
နောက်ပိုင်းမှာ ခရီးစဉ်အပိုင်းအလိုက် ကောက်ခံတဲ့စနစ်ကို ၂၀၁၄ ခုနှစ်မကုန်မီ ပြောင်းလဲ
လိုက်ပါတယ်။

ကျပ် ၂၀၀ တန်နဲ့ ကျပ် ၃၀၀ တန်တွေကတော့ မူလအတိုင်းပဲဖြစ်ပါတယ်။

အခုတော့ ရန်ကုန်ဘူတာကြီးမှာ ဂိတ်ဆုံးတဲ့ ခရီးသည်တွေကို လက်မှတ်သိမ်းတဲ့ စနစ်ကိုလည်း
ကျင့်သုံးနေပါပြီ။

မြန်မာ့မီးရထားက ဆီဖိုးမရဘူးလို့ဆိုတဲ့ အပေါ်မှာ ထောက်ပြမှုနဲ့အမြင်တွေလည်း အမျိုးမျိုး
ရှိနေပါတယ်။

ဌာနဆိုင်ရာ တစ်ခုက အငြိမ်းစားအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်ညွှန့်က "အခုလက်ရှိမှာ
တစ်ရက်ကို လက်မှတ်ရောင်းခ ကျပ်သိန်း ၈၀ လောက်ရနေတာကို တစ်ရက်ဆီဖိုး မရဘူး
ဆိုတာကို သိပ်ဘဝင်မကျဘူး။ လွန်ခဲ့တဲ့ နှစ် ၄၀ ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ ကာလမှာ
ရန်ကုန် - မန္တလေး အမြန်ရထားက အရမ်း အောင်မြင်ခဲ့တယ်။ မနက် ၅ နာရီထွက် ညနေ ရ နာရီ
ရောက်တယ်။ နောက်တော့ မနက် ရ နာရီ ထွက်တယ်။ ညနေ ၅ နာရီ ရောက်တယ်။
တစ်ရက်ကို စုန်/ ဆန် ရ ခေါက်စီ ဆွဲခဲ့တဲ့ သာဓက ရှိခဲ့ဖူးတယ်။ အဲဒီခေတ်က လက်မှတ်ရဖို့
မနက် ၂ နာရီ ထပြီး တန်းစီဝယ်ခဲ့ရတယ်။ ဒါပေမဲ့ နောက်တော့ ရထား ၀င်/ ထွက်ချိန်မမှန်၊
အရှုံးပေါ်လိုဆိုပြီး အမြန်ရထားစနစ် ပျောက်သွားခဲ့တယ်။ ပြီးတော့ အဲဒီအချိန်က အမြန်ရထားက
မန္တလေးနဲ့ ကျောက်ဆည်ကြားမှာ တရားဝင်အလုပ် တစ်ခုလို အမြဲတမ်း ဒီဇယ်ဆီထုတ်ရောင်း
တာကိုလည်း ခရီးသည်တိုင်း တွေ့တယ်။ ဒါကြောင့်လည်း ကောင်းတဲ့ စနစ်ပျက်ခဲ့တာ။
အခုလည်းစတောင် မစရသေးဘူး၊ ဆီဖိုး မရဘူး ပြောနေကြပြန်ပြီ"လို့ ဆိုပါတယ်။

တစ်ရက်ကို ကျပ်သိန်း ၈၀ ရတဲ့အတွက် ကာလပေါက်ဈေးနဲ့ ဒီဇယ်ဂါလန် ၂,၀၀၀ လောက်
သုံးရပြီး တစ်ရက်ကို မြို့ပတ်ရထား ၂၁၂ ခေါက်ခန့် ပြေးဆွဲတဲ့အတွက် မြန်မာ့မီးရထားအနေနဲ့
ဆီအလေအလွင့်မရှိရေး ဘယ်လောက်ဆောင်ရွက်ထားလဲဆိုတာမျိုးတွေကို ရှင်းလင်း
သိသာအောင် လုပ်ဆောင်သင့်တယ်လို့ သူက ပြောပါတယ်။

မြို့့ပတ်ရထားတွေကို အခုတလော စီးတဲ့သူများလာပြီး ရထားတွေလည်း ပုံမှန်နီးပါး ထွက်တယ်လို့
ပြောလို့ရပေမယ့် ဒါက ပွင့်လင်းရာသီဖြစ်လို့လို့ဆိုပါတယ်။

မိုးတွင်းကာလမှာ ရထားလမ်း ရေကျော်တယ်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရထားမလာလို့
ဒုက္ခ ရောက်ရတဲ့အကြိမ် မနည်းဘူးလို့ပါရမီ ဘူတာကနေ နေ့တိုင်းရထားစီးပြီး မြို့ထဲမှာ
ရုံးတက်တာ တစ်နှစ်ခန့်ရှိပြီဖြစ်တဲ့ ခရီးသည် အမျိုးသမီးတစ်ဦးက ပြောပါသေးတယ်။

လက်ရှိမှာ ရထားတွဲတွေကို အဆင့်မြှင့်တင်ထားရာမှာ အဲကွန်းပါတဲ့ အထူး ရထားတောင်
ရှိနေပြီဖြစ်ပါတယ်။

ဒါပေမဲ့ ရထားတွဲတွေကို အဆင့်မြှင့်တင်ဖို့ အများကြီးလိုနေပါသေးတယ်။

ဥပမာ ပလက်ဖောင်းနဲ့ ရထားခြေနင်းနဲ့ အရမ်းကွာနေတာမျိုး၊ ရထားတွဲတွေမှာ ရေးထားတဲ့
စာလုံးတွေ ထင်သာမြင်သာ မရှိတာမျိုးတွေဖြစ်ပါတယ်။

ပြီးတော့ ဘူတာရုံတွေမှာ ဘယ်ရထားက ဘူတာကို ဆိုက်လာပြီး ဘယ်ဘက်ကို
ဆက်သွားမယ်ဆိုတာမျိုးကို ကြေညာတဲ့သူတွေအနေနဲ့လည်း အများပြည်သူသိအောင်
ကြည်လင်ပြတ်သားတဲ့ အသံနဲ့ တိတိကျကျ ကြေညာပေးသင့်ပါတယ်။

လက်ရှိမှာ တစ်ရက်ကို ခရီးသည် ၂၅,၀၀၀ အသုံးပြုရာကနေ နောက်ပိုင်းမှာ ရထားတွဲတွေကို
သေချာအဆင့်မြှင့်၊ ခေါက်ရေတိုးပြီး အချိန်မှန်လေးပြေးဆွဲပေးရင် ရန်ကုန်မြို့တွင်း
ခရီးသည်ပို့ဆောင်ရေးအတွက် မြို့ပတ်ရထားက အထောက်အကူ ဖြစ်လာနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး