ရန်ကုန်၌ ပုဂ္ဂလိကကျောင်း ၁၀၀ ကျော် ဖွင့်လှစ်ခွင့် လျှောက်ထား

ရန်ကုန်၌ ပုဂ္ဂလိကကျောင်း ၁၀၀ ကျော် ဖွင့်လှစ်ခွင့် လျှောက်ထား

လာမည့်ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကအထက်တန်းကျောင်း
ဖွင့်လှစ်ခွင့်ရရှိရန် ကျောင်း ၁၀၀ လျှောက်ထားသည့်အနက် ဖွင့်လှစ်ခွင့်ပြုမည့် ပုဂ္ဂလိက
ကျောင်းများစာရင်းကို ဇွန်လကျောင်းဖွင့်ချိန်မတိုင်မီ ထုတ်ပြန်ပေးသွားမည်ဟု အမှတ်(၃)
အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"အခုလာမယ့် ပညာသင်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ဖို့ လျှောက်ထားတဲ့
ကျောင်းအရေအတွက် ၁၀၀ ကျော်လောက်ရှိပါတယ်။ လာမယ့်ကျောင်း ဖွင့်ချိန်မတိုင်မီ
ဇွန်လဆန်းလောက်မှာ ထုတ်ပြန်ပေးသွားမယ်။ လောလောဆယ်တော့ လျှောက်ထားတဲ့
ကျောင်းတွေကို သေချာစိစစ်နေပါတယ်"ဟု ၎င်းက ပြောသည်။

"ပုဂ္ဂလိကကျောင်းအဖြစ် ဖွင့်ခွင့်ပြုဖို့ကို ကျွန်တော်တို့ ကျောင်းဖွင့်ချိန်မတိုင်မီ တစ်လလောက်ကြိုပြီး
ထုတ်ပြန်ပေးနိုင်ရင် ကောင်းမှာပါ။ လျှောက်ထားတဲ့အချိန်ကို လည်း စောစောခေါ်ပြီး
စာရင်းကြေညာတာကိုလည်း စောစောထုတ်ပြန်ပေးစေချင်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့
ကျောင်းတည်ထောင်သူတွေအနေနဲ့ ကျောင်းသားတွေ ကျောင်းအပ်လက်ခံတဲ့အချိန်တို့၊
ကျောင်းသတင်း ကြော်ငြာပေးတာတို့ကို အချိန်မီ လုပ်ပေးချင်တာကြောင့်ပါ။
ကျောင်းလျှောက်ထားတုန်းပေမယ့် ခွင့်ပြုချက်ရမရ မသိရသေးတော့ ကျောင်းသားတွေကိုကြိုတင်ပြီး
ကျောင်းအပ်လက်ခံဖို့ မဖြစ်နိုင်သေးပါဘူး"ဟု ရန်ကုန် တိုင်းဒေကြီးအတွင်း ပုဂ္ဂလိကကျောင်း
တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားသည့် ဦးခင်မောင်စိန်က ပြောသည်။

ပုဂ္ဂလိက အထက်တန်းကျောင်း (ကိုယ်ပိုင်ကျောင်း)များ တည်ထောင်ဖွင့်လှစ်နိုင်ရန် ပြည်ထောင်စု
လွှတ်တော်ဥပဒေအမှတ်(၁၄)ဖြင့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေကို ၂၀၁၂ ခုနှစ်၊
ဒီဇင်ဘာလတွင် ပြဋ္ဌာန်းခဲ့ပြီး ၎င်းဥပဒေအရ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၃၀ ရက် နေ့တွင်
ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်နည်းဥပဒေကို ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂၀၁၂ - ၁၃ ပညာသင်နှစ်မှစကာ ပုဂ္ဂလိကကျောင်းများကို တည်ထောင်
ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

၂၀၁၃ - ၁၄ ပညာသင် နှစ်တွင်လည်း ပုဂ္ဂလိကကျောင်းများ ထပ်မံဖွင့် လှစ်ခွင့်ပြုခဲ့သည့်အတွက်
ယခုအခါ တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကအထက်တန်းကျောင်း ၁၆၀ ခန့် ရှိနေသည်။

ထို့ပြင် လာမည့်ပညာသင်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကိုယ်ပိုင်ကျောင်းဆရာဖြစ်
လက်မှတ်လျှောက်ထားသူ ၈၅၅ ဦးရှိပြီး မေလ ၅ ရက်နေ့တွင် လူတွေ့ ဖြေဆိုကြရမည်ဖြစ်သည်။

ပုဂ္ဂလိက အထက်တန်းကျောင်းများတွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်လိုသူများသည်
ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ် ရရှိရန် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ
တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်ပညာရေးမှူးရုံးများသို့ လူကိုယ်တိုင်လျှောက်ထားရမည်ဖြစ်ပြီး
သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး