ရန်ကုန်မြစ်အတွင်း သဲတင်တွဲနှင့် ပင်လယ်ကူးသင်္ဘော တိုက်မိမှု ဆက်လက် စစ်ဆေးနေ

ရန်ကုန်မြစ်အတွင်း သဲတင်တွဲနှင့် ပင်လယ်ကူးသင်္ဘော တိုက်မိမှု ဆက်လက် စစ်ဆေးနေ

ရန်ကုန်မြစ်အတွင်း ပုဂ္ဂလိကသဲတင်တွဲနှင့် ကွန်တိန်နာတင်သင်္ဘောတို့ တိုက်မိမှု ဧပြီလ
၂၆ ရက်နေ့က ဖြစ်ပွားခဲ့မှုကို ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းသုံးခုမှ တာဝန်ရှိသူများက စိစစ်ပြီး
ကော်မတီဖွဲ့၍ အမြန်စစ်ဆေးလျက် ရှိကာ နှစ်ပတ်အတွင်း စိစစ်မှုပြီးစီးမည်ဟု ရေကြောင်းဦးစီးဌာန
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြံုရေးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က မြန်မာတိုင်း(မ်)ကို
ပြောသည်။

"သင်္ဘောပိုင်ရှင်တွေက သုံးသပ်ဖော်ပြချက်ကတော့ သင်္ဘောသေးက တန်ဖိုး အကြမ်းဖျင်း
ဒေါ်လာ သုံးသိန်းခြောက် သောင်းငါးထောင်လောက်တော့ ဆုံးရှုံးမှု ရှိတယ်ဆိုတာကို
သုံးသပ်တယ်။ သင်္ဘောကြီးဘက်က ကျတော့လည်း ဆာဗေရာ (surveyor) ခေါ်ရလို့ ကုန်တာနဲ့
ကြန့်ကြာမှု ဖြစ်သွားတဲ့အတွက် ပင်လယ်ကူး သင်္ဘောတွေရဲ့ တစ်ရက်ဆို တစ်ရက် နှုန်းထားတွေ
အလိုက် ဆုံးရှုံးရတာတွေရှိနေတယ်။ ဒီလိုတော့ တစ်ဖက်နဲ့တစ်ဖက် ညိနှိုင်းပေါင်းစပ်ပြီး
တွက်ချက်နေကြတာ ဖြစ်ပါတယ်။ ရှုပ်ထွေးမှုလေးတွေတော့ ရှိပါတယ်။ နောက်တစ်ခုက
သင်္ဘောအုံနာတွေကနေ အာမခံထားတဲ့အခါကျတော့ အဲဒါကိုလည်း ဆွေးနွေးတဲ့ အပိုင်းလေးတွေ
ရှိနေတယ်။ ဒီလောက်ပဲ ပြောလို့ရပါသေးတယ်"ဟု ၎င်းက ပြောသည်။

"အပြန်အလှန် ညှိနှိုင်းပြီးတော့ အဆင်ပြေနေတာကြောင့် ထိုက်သင့်တဲ့ လျော်ကြေးကိုလည်း
တစ်ဖက်ကပေးမှာဖြစ်တာမို့ အဆင်ပြေသွားမှာပါ။ ဒီဖြစ်စဉ်မှာ အမှားအမှန်တွေ ခွဲခြမ်းပြီး
ဘယ်သူ့ကိုဘယ်လို အပြစ်ပေးမယ်ဆိုတာမျိုး၊ တရားရုံးပုံစံမျိုး သွားတာမဟုတ်ဘဲ အဆင်ပြေအောင်
ညှိနှိုင်းပေးပြီးတော့ နောင်မဖြစ်အောင် ဘယ်လိုတွေ လုပ်ရမလဲဆိုတဲ့အပိုင်းကို စိစစ်ဆွေးနွေးကြတဲ့
သဘောနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်"ဟု ဦးကိုကိုနိုင်က ပြောသည်။

အဆိုပါ ရေယာဉ်တိုက်မှုမှာ ရန်ကုန်မြစ်အတွင်း ၀ါးတန်းဆိပ်ကမ်းနှင့် အလုံသင်္ဘောကျင်းအကြား
ဖြစ်ပွားခဲ့ပြီး သဲတင်တွဲမှာ နှစ်ပိုင်းပြတ်ကာ ဦးခေါင်းပိုင်းမှာ ဦးစွာနေရာတွင်ပင် နစ်မြုပ်သွားခဲ့သည်။

ကျန်အပိုင်းမှာ မျောပါသွားခဲ့ပြီး ပန်းဆိုးတန်းဆိပ်ကမ်းအနီး နစ်မြုပ်သွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် လူများကို ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

တိုက်မိမှုကို စစ်ဆေးသည့်ကော်မတီအဖွဲ့ တွင် ရေကြောင်းဦးစီးဌာနလက်အောက်ရှိ
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြံုရေး ဌာန၊ ရေကြောင်းအင်ဂျင်နီယာဌာန၊ ဥပဒေနှင့်
နည်းပညာဌာနတို့ ပါ၀င်သည်။

"ပင်လယ်ကူးသင်္ဘောက အေရှားဝေါဆိပ်ကမ်းမှာ ကပ်ဖို့လာချိန်မှာ ကျောက်စရစ်တွဲသင်္ဘောက
လာတယ်။ ဒါကိုမိုးကျ ချိန်ဆိုတော့ မမြင်ရဘူး။ တစ်စင်းနဲ့ တစ်စင်းကို ကိုက် ၁၀၀ လောက်မှ
ဘွားကနဲမြင်ရတာကြောင့် မတိုက်မိအောင် နှစ်ဖက်ဘက်လုံး ကြိုးစားတယ်။ သင်္ဘောဝိတ်က
တအားကြီးတော့ စက်သပ်ပြီး ချက်ချင်းလှည့်ထွက်ဖို့က မလွယ်ဘူးလေ။ ကျောက်စရစ်တင်တွဲ
ကလည်း ကန့်လန့်ဖြစ်နေတယ်။ ကန့်လန့်တိုက် ပြီးဖြစ်နေချိန်မှာ ရေလမ်းကြောင်းပိတ်နေမှာ
စိုးတဲ့အတွက် တခြားယာဉ်တွေအတွက် ဖြတ်သန်းရတာရော ခက်မှာစိုးလို့ ရေလမ်းကြောင်း
ရှင်းလင်းပေးဖို့ ကြိုးစားကြတယ်။ ဖြစ်ဖြစ်ချင်း မြန်မာ့ဆိပ်ကမ်းပိုင်ယာဉ်တချို့ အရောက်သွားတယ်။
ကူဖို့လုပ်ပေမယ့်နှစ် ခြမ်းကွဲသွားတယ်။ ကွဲသွားတာကို ဒီတိုင်းထားလိုက်ရင်လမ်းကြောင်းက
ပိတ်သွားမယ်ဆိုတော့ အရင်ဆုံး ပင်လယ်ကူးသင်္ဘောအတွက် လမ်းကြောင်းရှင်းရတယ်။
ပြီးတော့မှ ကျောက်တင်တွဲဦးပိုင်း နစ်မြုပ်သွားပြီး ကျန်အပိုင်း မျောပါသွားရာအနောက်ကို
လိုက်ကြတယ်။ မမြုပ်အောင် ကြိုးစားဆယ်ကြတယ်။ အပြားတိုင်းမြုပ်ပြီးမျောနေတာကိုတော့
ဆယ်လို့ရပေမယ့် နောက်ပိုင်းကျတော့ ဒေါင်လိုက်ကြီးဖြစ်ပြီး ပန်းဆိုးတန်းနဲ့ ဒလဆိပ်ကမ်းကြားမှာ
ကျန်အပိုင်းကလည်း နစ်မြုပ်သွားတယ်။ လိုအပ်တဲ့ ရေလမ်း ကြောင်းဆိုင်ရာ အဖွဲ့အစည်းတွေကို
အသိပေးတဲ့ စာပေးပို့ပြီး အကြောင်းကြားပြီးပြီ"ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ရေကြောင်း
ဌာနမှူးချူပ် ဦးအောင်ကျော်ထူးက ပြောသည်။

"သွားလာရေးလမ်းကြောင်းမှာ မြုပ်သွားတာ ဒေါင်လိုက်ဆိုတော့ ဖြတ်သန်းသွားမယ့်
တခြားသင်္ဘောတွေ၊ ရေယာဉ်တွေ အမြန်သိထားပြီးမှဖြစ်မယ်ဆိုတော့ ချက်ချင်းဆောင်ရွက်
ပါတယ်။

"ပြီးတော့ မြုပ်သွားတဲ့နေရာမှာ ရေငုပ်သမားတွေနဲ့ စီစဉ်ပြီးတော့ နေရာအလိုက်ကို
ရှောင်ကွင်းသွားဖို့ ရေကြောင်းပြအမှတ်အသား လုပ်ထားပြီးပြီ။ ညဘက် ရောက်ရင် အဲဒီနေရာမှာ
မီးနဲ့အချက်ပြ လုပ်ထားတယ်။ ချက်ချင်းဖော်ထုတ် နိုင်အောင်တော့ လုပ်နေတယ်။
ရေလမ်းကြောင်းမှာ နစ်မြုပ်နေတာဖြစ်လို့ သက်ဆိုင်ရာသင်္ဘော ပိုင်ရှင်တွေအနေနဲ့ အမြန်ဖော်ဖို့
သင့်တယ်လို့တော့ တိုက်တွန်းထားပါတယ်"ဟု ၎င်းက ပြောသည်။

ပင်လယ်ကူး ကွန်တိန်နာတင်သင်္ဘောကိုမူ မေလ ၁ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်း အတွင်းမှ
စတင်ထွက်ခွာခွင့်ပြုခဲ့ကြောင်း ဆိပ်ကမ်းကိုယ်စားလှယ်ဌာနမှ ကိုယ်စားလှယ် ဦးအောင်မျိုးတင်က
ပြောသည်။

"ပင်လယ်ကူးသင်္ဘောကို မေလ ၁ ရက်နေ့ နံနက် ၈ နာရီခွဲမှာ ထွက်ခွာခွင့်ပြုခဲ့ပါတယ်"ဟု
၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး