မြန်မာနိုင်ငံတွင် ကင်းထောက်လူငယ်မောင်မယ်များ တိုးပွားလာရေး ဦးတည်ချက်ဖြင့် ရန်ကုန်တိုင်း
ဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ် ရှစ်ခုတွင် ကင်းထောက်လူငယ် ၆၀ ဦးဖြင့်
စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက်ကြီးများ တွေ့ဆုံပွဲအခမ်းအနားမှ
သိရသည်။
အစိုးရ၏ လမ်းညွှန်မှုဖြင့် အခြေခံပညာ ကျောင်းများတွင် စတင်ဖွဲ့စည်းခဲ့သော
ကင်းထောက်အဖွဲ့များကို တစ်နိုင်ငံလုံးရှိ အခြားတက္ကသိုလ်များတွင်လည်း ဆက်လက်တိုးချဲ့
ဖွဲ့စည်းသွားမည်ဟု မြန်မာနိုင်ငံ ကင်းထောက်ကော်မတီယာယီဥက္ကဋ္ဌ ဒေါက်တာ တင်ညိုက
ပြောသည်။
"တက္ကသိုလ်၊ ကောလိပ်တွေအတွက် အချိန်တိုအတွင်းမှာပဲ စုစည်းပြီးလုပ်လိုက်ရတော့ လူဦးရေ
နည်းနည်းပဲ ဖွဲ့နိုင်ပါသေးတယ်။ အခုလက်ရှိမှာ တက္ကသိုလ်၊ ကောလိပ် ရှစ်ခုမှာပဲ ကိုယ်စားပြုပြီး
ဖွဲ့ရသေးတာဆိုတော့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေမှာ
ဆက်လက်တိုးချဲ့သွားဖို့ ရှိပါတယ်။ တက္ကသိုလ်၊ ကောလိပ်တွေအနေနဲ့လည်း ဒီလိုကင်းထောက်
အဖွဲ့တွေဖွဲ့ဖို့ စိတ်အားထက်သန်တာ တွေ့ရပါတယ်"ဟု ၎င်းကပြောသည်။
လက်ရှိတွင် တက္ကသိုလ်များကင်းထောက် လူငယ်သင်တန်းကို ပြီးခဲ့သည့် ဧပြီ၂၅ ရက်မှ ၂၇ ရက်
အထိ ရန်ကုန်ပညာရေးတက္ကသိုလ်၌ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ပြင်ဦးလွင်မြို့တွင် ပြုလုပ်လျက်ရှိသည့်
ကင်းထောက်လူငယ် မောင်မယ်များစခန်းချတွေ့ဆုံပွဲကို မေလ ၁ ရက်မှ ၅ ရက်နေ့အထိ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းတက္ကသိုလ်၊ ကောလိပ်များတွင် ကင်းထောက်အဖွဲ့များ ဖွဲ့စည်းခြင်းသည် ယင်းတက္ကသိုလ်များရှိ
ကျောင်းသားကျောင်းသူများ၏ အခြေခံဗဟုသုတရှိမှု၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
ကျန်းမာကြံ့ခိုင်မှုများဖြင့် ပေါင်းစပ်ကာ ဖွဲ့စည်းလေ့ကျင့်ပေးထားခြင်းဖြစ်သည်။
















