ရန်ကုန်မြို့ ခရီးသည် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ၌ ရှယ်ယာများ ၀ယ်ယူနိုင်

ရန်ကုန်မြို့ ခရီးသည် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ၌ ရှယ်ယာများ ၀ယ်ယူနိုင်

ရန်ကုန်မြို့၏ ခရီးသည်သယ်ယူပို့ဆောင်ရေးကို အဆင့်မြှင့်တင်ရန် တည်ထောင်မည့်
အများပိုင်ကုမ္ပဏီ၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်း ကို ရှယ်ယာတစ်ခုလျှင် ကျပ် ၁၀၀,၀၀၀ ဖြင့်
ပြည်သူများ ထည့်ဝင်နိုင်ကြောင်း မေလ ၄ ရက်နေ့တွင် အစိုးရက တရားဝင် ဖိတ်ခေါ်ခဲ့သည်။

"အများပိုင်နဲ့ ပတ်သက်ပြီး အထူးသဖြင့် ကားတွေပြေးဆွဲမယ့် လမ်းပိုင်းနဲ့ ပတ်သက်ရင် ပုဂ္ဂလိက
ကုမ္ပဏီတွေနဲ့ လုပ်ဖို့ခက်တယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရက ဘဏ္ဍာငွေလည်း ထည့်မယ်။
ရန်ကုန်မြို့တော် စည်ပင်နဲ့ ပတ်သက်တဲ့ လမ်းပိုင်းကိုလည်း လုပ်ပေးမှာဖြစ်တယ်။ နိုင်ငံတော်က
ဦးဆောင်ပြီးတော့ ၄၀ ရာခိုင်နှုန်း၊ မြန်မာကျပ် ၁၀ ဘီလျံ ကို ထည့်ဝင်လုပ်ဆောင်မှာဖြစ်ပြီးတော့
ကျန်တဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ၁၅ ဘီလျံကိုတော့ ပြည်သူလူထုဆီက ဖိတ်ခေါ်တာဖြစ်ပါတယ်"ဟု
စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၏ အကြံပေးဖြစ်သူ ဒေါက်တာမောင်အောင်က
ပြောသည်။

အများပိုင်ကုမ္ပဏီ တည်ထောင်ပြီးပါက အပေါ့စား အမြန်ဘတ်စ်ကားစနစ် BRT (Lite) စနစ်ကို
အသုံးပြုသွားမည်ဖြစ်ကာ လုပ်ငန်းစဉ်တစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံ ငွေမှာ ကျပ် ဘီလျံ ၁၀၀
မျှော်မှန်းထားပြီး ပထမအဆင့်တွင် ကျပ် ၂၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

အဆိုပါ ဘီအာရ်တီ စနစ်ကျင့်သုံးသည့် အခါတွင် လက်ရှိပြေးဆွဲနေသော ဘတ်စ်ကားများမှာ
သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ကြံ့ခိုင်မှုရှိပါက ယာဉ်ပိုင်ရှင်များက ပူးပေါင်းပါ၀င်နိုင်မည်
ဖြစ်သည်။

လက်ရှိတွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ပိုင် ဗန္ဓုလသယ်ယူ ပို့ဆောင်ရေးအပြင် အခြား
နာမည်ကြီးလုပ်ငန်းရှင်လေးဦးက ရှယ်ယာများ အများဆုံးထည့်ဝင်ရန် အဆိုပြုထားပြီး
အခြားအဆိုပြုထားသူ ၃၀ ခန့်ရှိကြောင်း သိရသည်။

"တကယ်လို့ ပြေးဆွဲနေရင်း အရှုံးပေါ်ရင်တောင် နိုင်ငံတော်က ကျခံပေးမယ့် စနစ်မျိုးကို
ကျွန်တော်တို့ လုပ်ချင်တာဖြစ်ပါတယ်။ အမြန်ဘတ်စ်ကားတွေအတွက် ဘယ်မောင်း
မော်ဒယ်မြင့်တဲ့ ကားတွေ သွင်းမှာဖြစ်ပြီး ကျွန်တော်တို့ အစီအစဉ်ကို လက်ရှိ ပြေးဆွဲနေတဲ့
ဘတ်စ်ကားပိုင်ရှင်တွေ ၀င်မယ်ဆိုရင် ၀င်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ကားတွေက ဘယ်မောင်းနဲ့
အဲကွန်းအပြည့်ပေးနိုင်တဲ့ ကားတွေအပြင် ထိုင်ခုံတွေကလည်း အဆင့်မီဖြစ်ရပါမယ်။
ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေအရ ဘီအာရ်တီစနစ်ကိုတော့ အပြည့်အဝ မလုပ်နိုင်သေးပါဘူး။
ဘီအာရ်တီလုပ်ချင်ရင် တစ်ကီလိုမီတာကို အနည်းဆုံး အမေရိကန် ဒေါ်လာ ငါးသိန်းလို့
တွက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ကုန်ကျစရိတ်ကို လျှော့တဲ့အနေနဲ့ မူလက
ကောင်းပြီးသားလမ်းတွေကိုပဲ ရွေးလိုက်ပြီးတော့ ဘတ်စ်ကားမှတ် တိုင်ဆောက်မယ့်
စရိတ်လောက်ပဲ ကုန်တော့မှာဖြစ်ပါတယ်" ဟု ဒေါက်တာမောင်အောင်က ပြောသည်။

ပြေးဆွဲရန် အဓိကအားဖြင့် ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းကို အခြေပြုထားပြီး
တောင်နှင့်မြောက်လမ်းကြောင်းအဖြစ် ထောက်ကြန့်တွင် အခြေပြုကာ ပြည်လမ်းနှင့်
ကမ္ဘာအေးဘုရားလမ်းမှ ရန်ကုန်မြို့တွင်းသို့ သွားသည့်လမ်းကြောင်းကို ပထမဦးစားပေး
လမ်းကြောင်းအဖြစ် ရွေးချယ်သတ်မှတ်ထားသည်။

ထို့ပြင် ခရီးသည်များသော လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာ အဝေးပြေးဝင်းကို အခြေပြုပြီး ရှစ်မိုင်၊
မြောက်ဥက္ကလာမြို့ နယ်တို့မှတစ်ဆင့် အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ပြေးဆွဲမည့်လမ်းကြောင်း၊
ဖွံ့ဖြိုးမှုမြန်ဆန်လာသော ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဒဂုံတက္ကသိုလ်ကို အခြေပြုကာ
ကမ္ဘာအေးဘုရားလမ်းသို့ သွားမည့်လမ်းကြောင်းနှင့် ဗိုလ်တထောင်မြို့နယ်မှ သီလဝါအထူး
စီးပွားရေးဇုန်သို့ သွားမည့် လမ်းကြောင်းများကိုပြေးဆွဲရန် လျာထားပြီး စုစုပေါင်း ၁၄၉ ဒသမ
၉၁ ကီလိုမီတာ ရှိသည်။

"အများပြည်သူ အသုံးများတဲ့ လမ်းတွေဖြစ်တဲ့ အပြင်လမ်းရဲ့ အကျယ်အဝန်းအတိုင်း အပြည့်အဝ
မောင်းနှင်နိုင်တဲ့ လမ်းကြောင်းတွေဖြစ်လို့ ဖြစ်ပါတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊ လမ်းတံတားဌာနက ဌာနမှူး ဦးတင်မောင်ကြည် ကပြောသည်။

အမြန်ဘတ်စ်ကားစနစ် ပေါ်ပေါက်လာမည် မှန်သော်လည်း လက်ရှိပြေးဆွဲနေသာ ယာဉ်လိုင်းများ
ကိုလည်း ယခင်အတိုင်းပင် ဆက်လက်ထားရှိသွားမည်ဖြစ်သည်။

"နိုင်ငံတော်သမ္မတကတော့ ဖြစ်နိုင်ရင် သုံးလအတွင်း အကောင်အထည်ဖော်ဖို့ ပြောထားတယ်။
ဒီကားတွေမှာ ယာဉ်နောက် လိုက်မထားဘူး။ အိုင်ပေးကတ်စနစ်သုံး သွားမယ်။ ခရီးသည်တွေ
မသုံးတတ်သေးခင်မှာ ကူညီပေးဖို့ အကူထားတာမျိုး လောက်ပဲရှိမယ်။ မြန်မြန်အကောင်အထည်
ဖော်နိုင်တာနဲ့အမျှ အကျိုးရှိမှာ ဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ
ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး