ရန်ကုန်မြို့ ရေရှည်တည်တံ့သော မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် ဥရောပသမဂ္ဂ၏
ယူရို ခြောက်သန်းကျော် ပံ့ပိုးပေးသွားမည်ဖြစ်သည်။
အဆိုပါစီမံကိန်းအတွက် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့၊ မြို့တော်ခန်းမ၌ ဧပြီလ
၂၇ ရက်နေ့က ကျင်းပခဲ့ရာ ဥရောပသမဂ္ဂနှင့်အတူ ကူညီမည့် အခြားအဖွဲ့အစည်းများကလည်း
ရေရှည်တည်တံ့သော မြို့ပြသယ်ယူပို့ဆောင်ရေးအတွက် နည်းပညာဆိုင်ရာများ
ရှင်းလင်းဆွေးနွေးခဲ့သည်။
စီမံကိန်းကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအထိ သတ်မှတ်ထားပြီး
အဓိကားဖြင့် ရန်ကုန်မြို့၏ ယာဉ်သွားလာမှုနှင့် ပတ်သက်၍ စီမံခန့်ခွဲခြင်းနှင့် လေ့လာဆန်းစစ်ခြင်း
တို့အတွက် နည်းပညာနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်။
ထိုသို့ ပြုလုပ်ရန်အတွက် အီတလီနိုင်ငံမှ လူမှုရေးအဖွဲ့အစည်းကြီးဖြစ်သော CESVI က
၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့၏ ရေရှည်တည်တံ့သည့် မြို့ပြသွားလာမှု စီမံခန့်ခွဲရေး စီမံကိန်းကို
ကမ်းလှမ်းခဲ့သည်ဟု သိရသည်။
"ကျွန်တော်တို့ ဒီစီမံကိန်းထဲမှာ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီရဲ့ စွမ်းဆောင်ရည်
မြင့်မားရေးအတွက်လည်းပါတယ်။ ပြီးတော့ စည်ပင်နဲ့ ပြည်သူကြားမှာ ယုံကြည်မှု ဆွေးနွေးပွဲတွေ၊
ပူးပေါင်းအသိ ပညာပေးရေးတွေလည်း လုပ်သွားမှာဖြစ်ပြီး ကျောင်းတွေမှာ အသိပညာပေးဖို့
တွေလည်း ပါတယ်။ ပြီးတော့ ရေဒီယိုနဲ့ ရုပ်သံမီဒီယာတွေ ကနေလည်းအသံလွှင့်ပြီး
အသိပညာပေးသွားမှာဖြစ်ပါတယ်။ မြို့တော်စည်ပင်က ၀န်ထမ်းတွေကိုလည်း အီတလီနိုင်ငံကို
လွှတ်ပြီး သင်တန်းတက်ခိုင်းမယ့် အစီအစဉ်တွေလည်း ပါပါတယ်။ ပြီးတော့ ယာဉ်သွားလာမှု
အတွက် ဂျီအိုင်အက်စ် စနစ်သုံးပြီး ယာဉ်ထိန်းရဲတွေကိုလည်း အသိပညာပေးသွားမှာ ဖြစ်ပါတယ်"
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းရေးဆွဲရေးဌာနမှ လက်ထောက်
ဌာနမှူး ဦးဝင်းလှိုင်ထွန်း က ပြောသည်။
ဥရောပသမဂ္ဂက စီမံကိန်းကုန်ကျစရိတ်၏ ရ၅ ရာခိုင်နှုန်းကို ကျခံပေးသွားမည်ဖြစ်ပြီး ကျန်
၂၅ ရာခိုင်နှုန်းကို မြို့တော် Turin, ITHACA (Information Technology for Humanitarian
Assistance, Cooperation and Action) နှင့် CESVI တို့က ၂၅ ရာခိုင်နှုန်းကို ကျခံမည်
ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကမူ ထည့်ဝင်ရန် မလိုကြောင်း သိရသည်။
ကနဦးဆောင်ရွက်မှုအဖြစ် တာမွေနှင့် သင်္ဃန်းကျွန်းမြို့ နယ်တို့ကို သတ်မှတ်ထားသည်။
"တာမွေနဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကတော့ လုပ်ရင်းနဲ့
ဥရောပသမဂ္ဂနဲ့ ညှိုနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူနဲ့တွေ့ချင်တာပဲ ဖြစ်ဖြစ်၊ ကျောင်းသူ
ကျောင်းသားတွေနဲ့ တွေ့ချင်တာပဲဖြစ်ဖြစ် စီစဉ်ပေးမယ်။ အဓိက ကတော့ လူသွားလာမှု၊
ယာဉ်သွားလာမှုနဲ့ ယာဉ်ကြောကျပ်တည်းမှုတွေကို လျှော့ချနိုင်ဖို့အတွက် ပြည်သူလူထုကို
အသိပညာပေးနိုင်ရေး လုပ်ဆောင်သွားမှာဖြစ်ပါတယ်" ဟု ဦးဝင်းလှိုင်ထွန်းက ပြောသည်။
စီမံကိန်းမှာ နှစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်သော်လည်း ရန်ကုန်မြို့၏ လက်ရှိကြံုတွေ့နေရသည့်
ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် လက်တွေ့အကောင်အထည်ဖော်ခြင်းများ မပါ၀င်ဘဲ
အသိပညာပေး အစီအစဉ်များသာ ပါ၀င်သည်။
















