သန်လျင် သဘာဝတရားရိပ်သာ၌ ခြောက်ထပ် ဆေးရုံကို တစ်နှစ်အတွင်း အပြီးတည်ဆောက်နေ

သန်လျင် သဘာဝတရားရိပ်သာ၌ ခြောက်ထပ် ဆေးရုံကို တစ်နှစ်အတွင်း အပြီးတည်ဆောက်နေ

ရဟန်းတော်များ၊ သီလရှင်များနှင့် သက်ကြီးရွယ်အို လူမမာယောဂီများအတွက် ခြောက်ထပ်ဆေးရုံ
ကို သန်လျင် သဘာဝတရားရိပ်သာ၌ ဆောက်လုပ်နေကြောင်း ရိပ်သာမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

"ဆေးရုံဆောက်ပြီးရင်တော့ ဆေးကုသဆောင် ဆိုတဲ့နေရာ သတ်သတ်မှတ်မှတ်လေး
ဖြစ်လာမယ်။ လူနာတွေကို တစ်စုတစ်စည်း တည်းထားလို့ ရလာမယ်။ အခုဒီကိုရောက်လာတဲ့
ယောဂီအများစုက သက်ကြီးရွယ်အိုနဲ့ နာတာရှည် ရောဂါသည်တွေများတယ်။ အမျိုးအစားခြင်း
မတူတော့ တစ်နေရာစီ ခွဲထားရတယ်။ ဆရာတော်က ဘယ်ရောဂါသည်ကိုပဲ လက်ခံမယ်လို့
ရွေးနေမှာမဟုတ်ပါဘူး။ ဆေးရုံကို ဆံ့သလောက် လက်ခံသွားမှာပဲ။ ဒီတစ်ခုမဆံ့ရင် နောက်တစ်ခု
ထပ်ဆောက်မယ်လို့တောင် မိန့်နေတာပါ"ဟု ရိပ်သာရုံးအဖွဲ့မှူး ဦးတင်ဝင်းလှိုင်က မြန်မာတိုင်း(မ်)
ကို ပြောသည်။

ဆေးရုံဆောက်လုပ်မှုကို မတ်လက စတင်ခဲ့ပြီး တစ်နှစ်အတွင်း အပြီးသတ်နိုင်ရန် ကြိုးစားမည်
ဖြစ်ကာ ကျပ်သိန်း ၉,၀၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

ရိပ်သာအတွင်း တိုးပွားလာသော အမြဲနေယောဂီများအတွက် ခြောက်ထပ် ဆေးရုံအပါအဝင်
အခြားယောဂီဆောင် ခြောက်ဆောင်ကိုလည်း တည်ဆောက်နေသည်။

"သက်ကြီးရွယ်အို လူမမာတွေဟာ နိုင်ငံတိုင်းမှာ ရှိတယ်။ ဒါပေမဲ့ ဘိုးဘွားအများစုဟာ
အကြောင်းအမျိုးမျိုးကြောင့် ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ကုသိုလ်တွေကို လုပ်ခွင့်မရကြဘူး။
လူ့လောကမှာ အများအားဖြင့် ကောင်းတာကိုပဲ တန်ဖိုးထားကြတယ်။ ကြိုက်တယ်။
အသက်ကြီးပြီး ကျန်းမာရေး မကောင်းတော့ဘူးဆိုရင်၊ စိတ်ပိုင်းဆိုင်ရာကလည်း ချို့ယွင်းလာပြီ
ဆိုရင် ကိုယ့်ဆွေမျိုးတွေအကျိုးကို မဆောင်ရွက်နိုင်တော့ဘူးဆိုရင် ကိုယ့်အပေါ်လိုလိုလားလား
မရှိကြတော့ဘူး။ သူတို့တွေက ကိုယ်နဲ့ ပတ်သက်ပြီး မကောင်းစိတ်တွေ ဖြစ်နေတယ်ဆိုရင်
ကိုယ်လည်း စိတ်ချမ်းသာဖို့ မလွယ်ဘူး။ အားကိုးစရာကလည်း မရှိ၊ ရှိတာကလည်း အားကိုးလို့
မရပါဘူး။ ရိပ်သာမှာကတော့ ဒါန၊ သီလ၊ ဘာဝနာအလုပ်တွေကို လွတ်လွတ်လပ်လပ်
လုပ်ခွင့်ရတယ်။ အားကိုးစရာ အစစ်တွေကို အားကိုးလို့ ရတယ်။ အဲဒီအတွက် စီစဉ်ပေးချင်တာပါ"
ဟု ဆရာတော် ဦးဥတ္တမက မိန့်ကြားသည်။

သက်ကြီးရွယ်အိုနှင့် လူမမာများ လွတ်လပ်စွာ တရားအားထုတ်ဖြစ်စေလိုသော စေတနာဖြင့်
သန်လျင်တရားရိပ်သာကို ဆရာတော် ဦးဥတ္တမက ဦးကျော်အေး၊ ဒေါ်ခင်ဆွေဦးတို့ လှူဒါန်းခဲ့သော
မြေ သုံးဧကပေါ်တွင် ၂၀၀၈ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။

လူတန်းစားပေါင်းစုံအတွက် ရေရှည် အဆင်ပြေစေလိုသော ရည်ရွယ်ချက်ဖြင့် ယောဂီများထံမှ
ဆွမ်းစရိတ်ကောက်ခံခြင်း မရှိခဲ့ဘဲ မည်သူမဆို ရက်အကန့်အသတ်မရှိ ရာသက်ပန်
တရားအားထုတ်နိုင်သော တရားရိပ်သာဖြစ်ခြင်းကြောင့် ရပ်ဝေးရပ်နီးမှ ယောဂီများ တဖြည်းဖြည်း
စုဝေးတရားအားထုတ်သည့် နေရာဖြစ်လာခဲ့သည်။

ထို့ပြင် ခိုကိုးရာမဲ့နေသော အခြေအနေအမျိုးမျိုးဖြင့် ရောက်လာကြသော သက်ကြီးရွယ်အို၊
လူမမာများနှင့် အိမ်ယာမဲ့မိသားစုများကိုလည်း ရိပ်သာက လက်ခံ စောင့်ရှောက်ပေးထားသည်။

ရောဂါအနည်းငယ် သက်သာလာသော်လည်း ပြန်စရာ အိမ်မရှိ၊ စောင့်ရှောက်မည့် သူမရှိ၊
ခိုကိုးရာမဲ့နေသော လူနာများ၊ နာတာရှည်ရောဂါသည်အဖြစ် စောင့်ရှောက်ရန် လိုအပ်သော
ရောဂါသည်များကို ရန်ကုန်မြို့ ရှိ ဆေးရုံအချို့က ရိပ်သာသို့ ဆက်သွယ်၍ လာရောက်အပ်နှံမှု
များလည်း ရှိနေသည်။

ထို့ကြောင့် ဆက်လက်ကုသရန် လိုအပ်သော လူနာများကိုလည်း ဆေးဝါးကုသမှုအပြင်
တရားရှုမှတ်နိုင်စေရန် စီစဉ်ပေးထားသည်။

၂၀၁၄ ခုနှစ်တွင် ရိပ်သာဧရိယာ ဧက ၅၀ ကျော်၌ အမြဲနေ ယောဂီ၊ ရဟန်းအပါး ၂၅၀၊ သီလရှင်
အပါး ၂၀၀၊ သက်ကြီးရွယ်အို ၆၀၀၊ အရေးကြီးလူမမာ ၁၅၀ အပါအဝင် လူမမာပေါင်း
၅၀၀ ကျော်နှင့် ကလေး ၁၂၀ အပါအဝင် လူပေါင်း ၂,၄၀၀ ကျော်အပြင် ဧက ၂၀ ကျော်ရှိ
စေတနာရွာတွင် မိသားစု ၂,၅၀၀ ကျော် နေထိုင်လျက်ရှိသည်။

"လူနာ အမျိုးအစားနဲ့ အရေအတွက်က မငြိမ်ဘူး။ ဆုံးပါးသွားတာ ရှိသလို၊ အသစ်ရောက်လာ
တာတွေ နေ့တိုင်း နီးပါးရှိနေတယ်။ လက်ရှိ စာရင်းမှာတော့ လေဖြတ်အယောက် ၉၀၊ အိပ်ချ်အိုင်ဗီ
၂၂၊ တီဘီ ၂၁၊ ဆေးယဉ်တီဘီ သုံးယောက်၊ မျက်မမြင် ခုနစ်ယောက်၊ ကင်ဆာက လေးယောက်၊
စိတ်မနှံသူ ၄၄ ယောက်ရှိတယ်" ဟု ရိပ်သာတွင် အမှုထမ်းနေသော စေတနာရှင်
ဒေါက်တာ မချိုက ပြောသည်။

ဆရာတော် ဦးဥတ္တမသာရသည် ၂၀၀၀ ပြည့်နှစ် တရားခွေ၊ တရားစာအုပ်များ ဖြန့်ချိသည့်
တရားအလှူတော်လုပ်ငန်းကို စတင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ၄၅ လမ်း ရိပ်သာကို စတင်ဖွင့်လှစ်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် သန်လျင် သဘာဝတရားရိပ်သာကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး