ပါ၀ါအိတ်ဇောတပ် မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူမှု ပြန်လည်စတင်

ပါ၀ါအိတ်ဇောတပ် မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူမှု ပြန်လည်စတင်

အသံဆူညံမှုကို ဖြစ်ပေါ်စေသည့် ပါ၀ါအိတ် ဇောတပ်မော်တော်ယာဉ်များ တပ်ဆင်မောင်းနှင်
အသုံးပြုလာသည့် မော်တော်ယာဉ်များကို ထိရောက်စွာ ပြန်လည်ဖမ်းဆီးအရေးယူသွားမည်
ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲခွဲ့မှူးရုံးရန်ကုန်မှ ဒုတိယရဲမှူးကြီး လင်းထွဋ်က
မေလ ၈ ရက်နေ့တွင် ပြောကြားသည်။

"ပါ၀ါအိတ်ဇော တပ်ဆင်ထားတဲ့ အရေးယူမှုတွေ ရှိနေပေမယ့် စည်းကမ်းမဲ့ယာဉ် မဆင်မချင်
မောင်းနှင်သူတွေ များလာတဲ့အတွက်ကြောင့် ပြန်လည်ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်သွားမှာပါ။
အဲဒီလိုဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်သွားတဲ့နေရာမှာ ဥပဒေနဲ့ အညီယာဉ်မောင်းလိုင်စင်
ပိတ်သိမ်းခွင့်ကို ဆောင်ရွက်သွားမှာပါ"ဟု ၎င်းက ပြောသည်။

အသံဆူညံမှုကို ပြုလုပ်ခဲ့သည့် ပါ၀ါအိတ်ဇောတပ်ယာဉ်များကို ဖမ်းဆီးအရေးယူမှုကို ၂၀၁၄ ခုနှစ်
အကုန်ခန့်မှ စတင်ခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့်ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ညအချိန်မြို့တွင်းတွင်
စည်းကမ်းမဲ့မောင်းနှင် သွားလာလျက်ရှိသည့် ပါ၀ါအိတ်ဇောတပ်ယာဉ် အစီး ၉၀ ကို
မော်တော်ယာဉ်ဥပဒပုဒ်မဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီး ယာဉ်မောင်းများကို ယာဉ်မောင်းနှင်ခွင့်
တစ်လ ပိတ်သိမ်းခဲ့ပြီး ဖြစ်သည်။

"ပါ၀ါအိတ်ဇောတပ်ထားတဲ့ ယာဉ် အစီး ၉၀ ကို ဖမ်းဆီးအရေးယူထားတုန်းက နောက်တစ်ခါ
ဒီလိုပါ၀ါအိတ်ဇောတပ်ပြီး အသံဆူညံအောင် မောင်းနှင်အသုံးပြုမယ်ဆိုရင် ယာဉ်မောင်းနှင်ခွင့်
ခြောက်လပိတ်သိမ်း အရေးယူသွားမယ်ဆိုပြီး ခံဝန်တွေ ထိုးခိုင်းထားပါတယ်။ ဒီလိုအရေးယူနေ
ပေမယ့် စည်းကမ်းလိုက်နာမှု လျော့ကျ မသွားဘူး။ ဒီယာဉ်တွေကြောင့် လမ်းသွားလမ်းလာတဲ့
သူတွေ၊ ပတ်ဝန်းကျင်ပြည်သူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ပေါ်စေတဲ့ အတွက်ကြောင့်
ပြန်ပြီး အရေးယူသွားမယ်"ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့က မြို့တွင်းတွင် ညအချိန် စည်းကမ်းမဲ့မောင်းနှင် သွားလာလျက်ရှိသည့်
ယာဉ်များနှင့် ပါ၀ါအိပ်ဇောတပ် ဆင်အသုံးပြုသည့် မော်တော်ယာဉ်များကို ဆက်လက်
ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ရာ မေလ ၄ ရက် နေ့အထိ စည်းကမ်းပျက်ယာဉ် ၉၀၆ စီး၊
ပါ၀ါအိတ်ဇောတပ်ယာဉ် ၁၉ စီးနှင့် စည်းကမ်းမဲ့ညအချိန်မောင်းနှင်သည့် မော်တော်ဆိုင်ကယ်
၆၇ စီးကို အရေးယူခဲ့ပြီး ဖြစ်သည်။

"ဖမ်းဆီးနေတာတောင် ဒီလိုမျိုးဆက်ပြီးတော့ မောင်းနှင်နေတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်
ပြည်သူတွေကို ထိခိုက်မှုကို အထိန့်တလန့်ဖြစ်စေပြီးတော့ တရားဥပဒေစိုးမိုးရေးကို
ထိခိုက်လာတယ်လို့ ယူဆရတဲ့အတွက်ကြောင့် စည်းကမ်းမဲ့မောင်းနှင်လာတဲ့ မော်တော်ယာဉ်နဲ့
ပါ၀ါအိတ်ဇောတပ်ကားတွေကို ပြန်လည်အရေးယူသွားမှာပါ"ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က
ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး