ရန်ကုန်မြို့လယ်နှင့် မြစ်တစ်ခုသာခြားသော ဒလမြို့တွင် နှစ်စဉ်နွေရာသီ၌ သောက်သုံးရေ
ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့သော်လည်း ယခုနှစ်တွင် ကြိုတင်ပြင်ဆင်ထားမှုများကြောင့် ယခင်နှစ်များ
ကထက် အခြေအနေ တိုးတက်လာကြောင်း ဒေသခံများက ပြောသည်။
"အရင်တုန်းကဆိုရင် ပူလို့ ချိုးချင်ရင်တောင် ရေက ရှားလွန်းတော့ ရေချိုးရမလား၊ သုံးဖို့အတွက်
ထားရမလား ဝေခွဲလို့ မရတဲ့ ဒုက္ခရှိခဲ့တယ်။ အခုတော့ ခါတိုင်းလိုတော့ အခက်အခဲမဖြစ်တော့ဘူး။
ဒီနှစ်သုံးရေက တချို့နေရာတွေမှာတော့ မလုံလောက်တာ ကျန်ကောင်း ကျန်နေသေးနိုင်ပေမယ့်
အကုန်နီးပါးတော့ အခြေအနေကောင်းနေပါပြီ၊ လုံလောက်နေပါပြီလို့ ပြောလို့ ရနေပါတယ်။
ဒါကြောင့် ဒီနှစ် ကျွန်တော်တို့ ဒလမြို့ရေကြောင့် ဣန္ဒြေမပျက်တော့ဘူးပေါ့" ဟု ရာဇသင်္ကြန်
ရပ်ကွက် မွန်ကြီး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးမွန်ကြီး ကပြောသည်။
"ရှေးတုန်းက ကန်အဟောင်းတွေကိုလည်း ပြင်ပေးခဲ့တော့ ကန်အဟောင်းတွေက ပုံမှန်ဒီအချိန်က
ရေခန်းနေကျအချိန် တောင်မခန်းတော့ဘဲ ဒီနှစ်မှာ ခြောက်ပေလောက်ထိကို ကျန်နေပါသေးတယ်။
တုံကင် ပိုက်ခေါင်း တစ်ခုထားပြီး ရေတွန်းပေးတာတွေလည်းရှိတော့ အိမ်ငှားတွေလည်း
အဆင်ပြေပါတယ်။ ရေပေးတဲ့အချိန် ရေသယ်တဲ့သူတွေရှိနေဖို့တော့ လိုအပ်တာပေါ့။ ပြီးတော့
သောက်ရေသုံးရေအတွက် မရတဲ့သူ မကျန်ရအောင် စည်ပင်(ရေသန့်)ဌာနကနေ ကားတွေနဲ့
ရေလိုက်ဝေပေးနေပါသေးတယ်။ ပူလာတော့ ရန်ကုန်ဘက်က ပရဟိတ အလှူရှင်တွေ၊
အင်န်ဂျီအိုအဖွဲ့ အစည်းတွေနဲ့ ကျောင်းသားလူငယ် အဖွဲ့ တွေကလည်း လာလှူကြတာ
တစ်နေ့ကိုအဖွဲ့ သုံးဖွဲ့လောက်တောင် ရှိနေပါတယ်။ အဘတို့ တစ်သက်မှာ ပိုလျှံရေတွေရပြီတော့
မဟုတ်ပေမယ့် လုံလောက်တဲ့ ရေတွေ ရနေပါပြီလို့ ပြောချင်ပါတယ်"ဟု ၎င်းက ပြောသည်။
ဒလမြို့ သောက်သုံးရေ ရရှိရေးအတွက် ရန်ကုန်ပေါက်မှတစ်ဆင့် ဒလမြို့နယ် ပင်မ ရေပေးဝေရေး
စခန်းက ရေပေးဝေခြင်း၊ ရေတွင်းရေကန် အဟောင်းများကို ပြန်လည်တူးဖော်ပေးခြင်း၊ အများသုံး
အုတ်ကန်များ တည်ဆောက်ပေးခြင်း၊ စည်ပင်သာယာရေးကော်မတီက လမ်းသွယ်များအရောက်၊
အိမ်အရောက် ရေသွယ်တန်းနိုင်ရန် ရေမီတာများ လျှောက်ခွင့်ချထားပေးပြီး အသုတ်ခွဲ၍
သတ်မှတ်ချက်များအလိုက် ရေပိုက်များ ရေမီတာများ တပ်ဆင်ပေးခဲ့သည်။
"ဘာပဲဖြစ်ဖြစ် ကျန်သေးတဲ့ လျှောက်လွှာတင်ထားတဲ့ အိမ်ခြေတွေကို မြန်မြန်သာ သွယ်ပေးနိုင်ဖို့
တိုက်တွန်းနေပါတယ်။ မြန်လေကောင်းလေပါပဲ။ အခုသွယ်ပေးနေဆဲ နေရာတွေကတော့
ရာဇသင်္ကြန်ရပ်ကွက်အတွက် ၃၂၉ လုံးနဲ့ သမ္မတကမ်းခြေရပ်ကွက်အတွက် အိမ်ခြေ ၂၀၀ကျော်ကို
တစ်သုတ်ပြီး တစ်သုတ်အမြန်ပြီးအောင် သွယ်တန်းပေးနေပြီဖြစ်ပါတယ်။ ထပ်သွယ်နေဆဲ
တွေလည်း ရှိနေပါတယ်။ ဒလမှာ ဒီ ၂၀၁၄ - ၁၅ နှစ်အတွင်းမှာပဲ အများသုံးအုတ်ကန်ပေါင်း
၂၆ ကန်၊ ရှိပြီး အုပ်တွင်း(အဝီစိတွင်း) ခြောက်တွင်း စုစုပေါင်း ၃၂ တွင်း အထိ တူးဖော်ပေးနိုင်ခဲ့
ပါတယ်။ အဲဒီ ၃၀ ကျော်လောက်ကနေ တစ်နေ့ကို အိမ်ခြေပေါင်း ၉၀၀ ကျော် ရေသုံးစွဲနိုင်
အောင်တော့ ပံ့ပိုးထားနိုင်တယ်လို့ လေ့လာချက်စာရင်းတွေအရ သိထားပါတယ်။ လိုအပ်တာတွေ
အတွက်ကိုလည်း စည်ပင်ရေကားနဲ့ သယ်ပို့ပြီး လိုက်ဝေနေတာ ရှိပါတယ်။ လိုချင်တဲ့သူတွေ
ကိုယ့်အိမ်ကနေ ထွက်ယူရုံပါပဲ။ ပြည်သူတွေအတွက် လိုအပ်ချက်တွေဖြစ်နေခဲ့ရင်လည်း
ရေပေးဝေရေးစခန်းကို ဆက်သွယ်ပြီး တင်ပြပေးပါတယ်"ဟု ဒလမြို့နယ်နေ ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း က ပြောသည်။
ရာဇသင်္ကြန်ရပ်ကွက်အတွင်း ကျန်ရှိနေသေးသည့် အိမ်များကို တစ်ရက်လျှင် အိမ်ခြေ ၂၀
သို့မဟုတ် ၃၀ အထိ ပြီးစီးအောင် ရေမီတာတပ်ဆင်ခြင်း၊ ရေပိုက်သွယ်တန်းပေးခြင်းများကို
ဆောင်ရွက်နေပြီး ရေပိုက်လိုင်း ဝေးသည့်နေရာများ၌ တစ်ရက်လျှင် ၁၀ အိမ် ခန့်အထိ ပြီးစီးအောင်
လုပ်ဆောင်နေကြောင်း ဒလမြို့နယ်ရေပေးဝေရေးစခန်း တာဝန်ခံ အင်ဂျင်နီယာ ဦးတိုးတိုးအောင်က
ပြောသည်။
ရေပိုက်လိုင်း သွယ်တန်းပေးမှုများ အပြင် ဧပြီလ ၂၀ ရက်နေ့မှ စတင်ခါ ရေကားဖြင့် တစ်ရက်လျှင်
ရေဂါလန်ပေါင်း ၁၂,၀၀၀ ကျော်ကို လိုက်လံဝေငှနေပြီး မိုးကျချိန်အထိ ပေးဝေမည်ဖြစ်ကြောင်း
၎င်းက ပြောသည်။
"အဓိက ရေဝေပေးတာကတော့ အိမ်သွယ်တန်းမှု လုပ်နေဆဲနေရာတွေ၊ ပြီးတော့ ရေယူဖို့
အလှမ်းဝေးနေသေးတဲ့ ကျေးရွာတွေကို ပို့ပေးနေတာပါ။ မြို့ထဲမှာ ရေပိုက်လိုင်းတွေ အဆင်ပြေပြီ
ဆိုပေမယ့်လည်း တချို့ကျေးရွာတွေကို ဆက်တိုက်လုပ်ဆောင် ပေးနေဆဲဖြစ်လို့ ရေရှိအောင်
ဆောင်ရွက်ကြိုးပမ်းမှုက မရပ်တန့်သေးပါဘူး။ အခု လက်ရှိလည်း သပြေကုန်း၊ ညောင်ကုန်း
ကျေးရွာတွေအထိပါ ရေဝေနေပါတယ်။ ရာဇသင်္ကြန်ထဲ၊ ရပ်ကွက်ထဲက တချို့နေရာတွေလည်း
ပါပါတယ်။ ပြီးတော့ ကန်ဟောင်းတွေ ရေသိမ်းဆည်းနိုင်အောင် ဆောင်ရွက်ဖို့ မိုးမကျခင်
ကတည်းက ဆောင်ရွက်နေပါတယ်။ ခနောင်ရှမ်းစုဘုန်းကြီးကျောင်း၊ ငါးတန်တရာကျေးရွာ၊
ကျန်စစ်သားရပ်ကွက်နံပါတ်(၅)ရေကန်၊ ရခိုင်ချောင်ကျေးရွာအုပ်စု အဲဒီနေရာမှာ ကန်တွေ
ဆယ်နေ(တူးနေ)ပါတယ်"ဟု ၎င်းကပြောသည်။
၂၀၁၃ ခုနှစ်အထိ စာရင်းများအရ ဒလမြို့နယ်တွင် အိမ်သုံးရေမီတာသွယ်တန်းမှု ၂၅၇၇ ဦး ရှိခဲ့ရာမှ
ယခုအခါ ၄၁၁၆ ဦးအထိ ရှိလာပြီဖြစ်သည်။
ဒလမြို့နယ်တွင် ရပ်ကွက် ၂၃ ရပ်ကွက်၊ ကျေးရွာ ၂၃ ရွာရှိပြီး တရားဝင်အိမ်ခြေ ၂၀၀၀၀ ကျော်
ရှိသော်လည်း တရားမဝင် နေထိုင်နေကြသူများလည်း အများအပြား ရှိနေသည်။
















