ရန်ကုန်၌ ညဈေးတန်း နှစ်ခု ဖွင့်မည်

ရန်ကုန်၌ ညဈေးတန်း နှစ်ခု ဖွင့်မည်

ရန်ကုန်မြို့၌ ညပိုင်း သွားလာလည်ပတ်စရာ နည်းပါးနေမှုကို တစ်စိတ်တစ်ပိုင်းဖြေရှင်းသည့်
အနေဖြင့် ညဈေးတန်းလေးခုဖွင့်လှစ်ရန် မြို့တော်စည်ပင်က စီစဉ်နေကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၏ ဈေးများဌာနမှ သိရသည်။

လက်ရှိတွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စံပြညဈေးနှင့် ကြည့်မြင်တိုင်ညဈေးတို့ကို ဖွင့်လှစ်ထားပြီး
သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းနှင့် လေးထောင့်ကန်လမ်းထောင့်တွင် တစ်ခုနှင့် ဒေါပုံမြို့နယ်
ရှုခင်းသာလမ်းမပေါ်တွင် တစ်ခုကို ထပ်မံဖွင့်လှစ်ရန် မြို့တော်စည်ပင်က စီစဉ်နေသည်။

"ကျွန်တော်တို့ မြို့တော်စည်ပင်အနေနဲ့ အဲဒါတွေ အကောင်အထည်ပေါ်လာဖို့ ကြိုးစားနေပါတယ်။
ဒါပေမဲ့ အခက်အခဲတချို့တော့ ရှိနေပါတယ်။ အဲဒါကတော့ ရွေးချယ်ထားတဲ့နေရာတွေက
သင့်မသင့်နဲ့ တချို့ဈေးသည်တွေက လာရောင်းမှာလား မရောင်းဘူးလား မသေချာတာမျိုးပေါ့။
ဈေးသည်တွေ လိုအပ်တာတွေကို အကုန် လုပ်တော့ ပေးနေတာပဲ"ဟု ဈေးများဌာန၏ ဌာနမှူး
ဦးစံရွှေထွန်းက ပြောသည်။

ရောင်းချမည့် ဈေးသည်များက လျှပ်စစ်မီး ကောင်းမွန်စွာရရှိရန်နှင့် အခြားသော အခြေခံ
လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုလားလျက်ရှိသည်ဟု သိရသည်။

ထို့ကြောင့် ပြင်ဆင်ရာတွင် ညဈေးတန်း တစ်ခုလျှင် ကျပ် သိန်း ၈၀၀ ခန့်ကုန်ကျခဲ့ရာ
လျှပ်စစ်မီးသွယ်တန်းမှုအတွက်ပင် ကျပ်သိန်း ၃၀၀ ခန့် ကုန်ကျကြောင်း ဦးစံရွှေထွန်းက ပြောသည်။

ညဈေးများဖွင့်လှစ်ရန် နေရာရွေးချယ်ရာတွင် လာရောက်ဝယ်ယူသူများ လွယ်ကူအဆင်ပြေရေးကို
ဦးစားပေးဆုံးဖြတ်ပြီး အဆိုပါညဈေးများကြောင့် ကားလမ်းများ ပိတ်ဆို့မှု မရှိနိုင်ရန်လည်း
ထည့်သွင်းစဉ်းစားခဲ့ရသည်ဟု ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် ကိုသန်းထိုက်က ယခုလက်ရှိတွင် လမ်းဘေးဈေးသည်
များက ပလက်ဖောင်းပေါ်တွင် ဈေးရောင်းနေသဖြင့် လူများက ကားလမ်းပေါ်တွင် လမ်းလျှောက်
နေရသည်ကို ညဈေးတန်းများက အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပေးနိုင်ရန် မျှော်လင့်ကြောင်း
ပြောသည်။

"မြို့တော်စည်ပင်အနေနဲ့ ညဈေးတန်းတွေမှာ လူဆိုး၊ လူရမ်းကားတွေ မလာအောင်၊ မကြီးစိုးအောင်
ဘယ်လိုလုပ်မလဲဆိုတာတော့ ထည့်စဉ်းစားဖို့လိုတယ်။ အခု သီရိမင်္ဂလာဈေးမှာဆိုရင်
အဲဒီလူမိုက်တွေ ပြဿနာက ခဏခဏဖြစ်နေတော့ ညဈေးတန်းတွေမှာ အဲလိုဖြစ်လာမှာတော့
စိုးရိမ်တယ်။ သူတို့အနေနဲ့ ရဲတွေနဲ့ တိုင်ပင်ပြီး သေချာအစီအစဉ်ချထားတာမျိုး လုပ်သင့်တယ်"ဟု
၎င်းကပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က
ငယ်ရွယ်သည့် နိုင်ငံခြားခရီးသွားများကို ယခုထက် ပိုမိုဆွဲဆောင်နိုင်ရန် ရန်ကုန်မြို့တွင်
သန့်ရှင်းသပ်ရပ်သည့် ညဈေးတန်းများကဲ့သို့ ညဘက် လည်ပတ်သွားလာစရာနေရာ
အများအပြားရှိရန် လိုအပ်နေကြောင်း ပြောကြားခဲ့ဖူးသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး