ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအရ မြို့ပတ်ရထားအမြန်နှုန်းကို
တစ်နာရီလျှင် ကီလို ၆၀ နှုန်းအထိ တိုးမြှင့်သွားရန် ရည်ရွယ်ထားကြောင်း မြန်မာ့မီးရထားမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"အခုက တစ်နာရီကို ၂၆ မိုင်နှုန်း မောင်းနေတာကို အမြင့်ဆုံးအမြန်နှုန်းကို တစ်နာရီ
ကီလို ၆၀ နှုန်းအထိ တိုးမြှင့်သွားဖို့ ရည်ရွယ်တယ်။ ပြီးတော့ ရထားသွားချိန်တွေလည်း
မှန်အောင်လုပ်မယ်။ ရထားစီးခရီးသည် တိုးလာဖို့နဲ့ ခရီးသည်တွေ စီးနင်းရာမှာ ယခုထက်ပိုပြီး
သက်သောင့်သက်သာဖြစ်ဖို့ ရည်ရွယ်ပါတယ်"ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား
အောက်မြန်မာပြည်မှ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက မေလ ၁၂ ရက်နေ့က
ရန်ကုန်မြို့၊ ယုဇန ဂါးဒင်းဟိုတယ်၌ ကျင်းပသည့် မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊
မြို့ပတ်ရထားလမ်း အရှေ့ပိုင်းအတွက် စီမံကိန်းနှင့်ဆိုင်သော ပြည်သူများနှင့် တတိယအကြိမ်
တွေ့ဆုံဆွေးနွေးပွဲတွင် ပြောသည်။
အဆိုပါ စီမံကိန်းအတွက် စီမံကိန်းပိုင်ရှင်အနေဖြင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက
တာဝန်ယူထားရာ မြန်မာ့မီးရထားမှ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
ဖြစ်သည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(ဂျိုက်ကာ) က နည်းပညာပိုင်းကူညီသွားမည်
ဖြစ်သည်။
စီမံကိန်းက မြို့ပတ်ရထားလမ်းပိုင်းတစ်ခု လုံးပါရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းများအတွက်
စီမံကိန်းအပိုင်းမှာ ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူတာမှလွဲ၍ ရန်ကုန်မြို့ ပတ်ရထားလမ်းပိုင်း
တစ်ခုလုံးဖြစ်သည်။
စီမံကိန်းတွင် အဓိကအားဖြင့် အဆောက်အအုံနှင့် လမ်းကြောင်းတည်ဆောက်မှုများ
အဆင့်မြှင့်တင်ရန်၊ အချက်ပြစနစ်၊ ဆက်သွယ်ရေးနှင့် ရထားပြေးဆွဲမှုစနစ်များကို
ခေတ်မီနည်းစနစ်များဖြင့် အဆင့်မြှင့်တင်ခြင်းနှင့် ကား ရထားများကိုအဆင့်မြှင့်တင်ခြင်းတို့
ပါ၀င်သည်။
စီမံကိန်းဧရိယာများ ရန်ကုန်ဘူတာကြီးအပိုင်း၏ အနောက်ဘက်ခြမ်းမှစတင်ပြီး
တညင်းကုန်းဘူတာအပိုင်းကို ဖြတ်သန်းလျက် ပုဇွန်တောင်ဘူတာအထိဖြစ်သည်။
စုစုပေါင်း ၄၄ ကီလိုမီတာ အရှည်ရှိပြီး ၄၆ ကီလိုမီတာရှိ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၏
အများစုကိုခြံုငုံမိမည်ဖြစ်သည်။
ကနဦး ပတ်ဝန်းကျင်ထိခိုက်မှု စစ်ဆေးခြင်းအဆင့်လေ့လာမှုကို မြန်မာ့မီးရထားက
ဆောင်ရွက်ခဲ့သည်မှာ ပြီးလုနီးပါးရှိပြီဖြစ်ပြီး ဂျိုက်ကာ၏ လမ်းညွှန်ချက်များနှင့် မြန်မာ့ပတ်ဝန်းကျင်
ထိန်းသိမ်းရေး ဥပဒေများအရ လိုအပ်သော ပြန်လည်နေရာချထားရေး စီမံချက်တို့ကို ပြင်ဆင်နေဆဲ
ဖြစ်သည်။
ဂျိုက်ကာ၏ လမ်းညွှန်ချက်များအရ မီးရထားဝန်ထမ်းပိုင်အိမ်နှင့် ဆိုင်များပင်ဖြစ်သော်လည်း
ရန်ကုန်မြို့တော်အတွင်း နေထိုင်သူများဖြစ်သည့်အတွက် စီမံကိန်းကြောင့် နစ်နာဆုံးရှုံးရသည့်
နိုင်ငံသားများဟု ယူဆလျက် စီမံကိန်းသက်ရောက်ခံ အဆောက်အအုံ အိမ်ထောင်စုများအဖြစ်
ပြန်လည် နေရာချထားရေးတွင် ထည့်သွင်းစဉ်းစားထားသည်။
ကောက်ယူထားသော စစ်တမ်းများအရ မြေသိမ်းယူရခြင်းမရှိဟုမျှော်မှန်းထား ပြီး စီမံကိန်းစင်္ကြံ
တစ်လျှောက် စီမံကိန်းကြောင့် ထိခိုက်မည့် အဆောက်အအုံ ၁၂ လုံး ခန့်ရှိကာ အမြဲတမ်းပြန်လည်
နေရာချထားရေးအတွက် လိုအပ်မည့် စီမံကိန်းသက်ရောက်ခံ အိမ်ထောင်စုဝင် ၅၀ ဦးခန့်ရှိသည်ဟု
မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။
သတ်မှတ်ဧရိယာကို ရထားလမ်းမှ ၁၅ ပေ အထိ ကင်းလွတ်ဧရိယာ သတ်မှတ်ထားသည်။
"ကျွန်မတို့ ဖွင့်ထားတဲ့ဆိုင်နဲ့ နည်းနည်းတော့ မလွတ်ဘူး။ ဒါပေမဲ့ အဲဒါကလည်း ဆိုင်ကိုလာတဲ့
သူတွေထိုင်လို့ရအောင် ချထားတဲ့ ခုံတွေနဲ့ဖြစ်လို့ ပြောပလောက်အောင် မဟုတ်ဘူး။ ဒါကြောင့်
လျော်ကြေးတော့ ရမှာမဟုတ်ပါဘူး။ မလွတ်တဲ့ သူတွေကိုတော့ ဌာနဆိုင်ရာက သေချာညှိနှိုင်းပြီး
ပြန်လုပ်ပေးမယ်လို့ ပြောတာပဲ"ဟု မြောက်ဥက္ကပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်တွင် နေထိုင်သူ
အမျိုးသမီးတစ်ဦးက ပြောသည်။
ပြန်လည်နေရာချထားရေး၊ ပေးအပ်ရမည့် လျော်ကြေးပမာဏကို အပြီးသတ်ဆုံးဖြတ်ခြင်း၊
စီမံကိန်းသက်ရောက်ခံ အိမ်ထောင်စုဝင်များနှင့် ညှိနှိုင်းခြင်းစသည့် ပြန်လည်နေရာချထားရေး
စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရေးတို့အတွက် မြန်မာ့မီးရထားမှ တာဝန်ယူထားပြီး
စီမံကိန်းနှင့်အကျုံးဝင်သည့် နောက်ဆုံးရက်စွဲမှာ မေလ ၁၂ ရက်နေ့ ဖြစ်ကာ အကျုံးဝင်သည့်
နောက်ဆုံးရက်စွဲ ကြေညာသည့်နောက်ပိုင်းမှ စီမံကိန်းဧရိယာအတွင်းသို့ တရားမဝင်
၀င်ရောက်နေထိုင်သည့်လူများနှင့် မူလနေထိုင်သူများရှိလာပါက ကွဲပြားစေရန် သတ်မှတ်ခြင်း
ဖြစ်သည်။
"အခုချိန်မှာ မလွတ်ကင်းတဲ့ အိမ်တွေကို ဘယ်လိုပြန်ပြီး လျော်ကြေးပေးမလဲဆိုတာက
အတိအကျပြောလို့ မရသေးပါဘူး။ အဲဒီအတွက်က ရာပြတ်ဆိုတာသပ်သပ်ရှိတယ်။
အဲဒီနေရာတွေမှာ နေထိုင်နေတဲ့သူတွေကရော ဘယ်လိုကြောင့်အဲဒီနေရာမှာ
နေထိုင်ဖြစ်တာလည်းကအစ ပြန်စိစစ်ရဦးမယ်။ မီးရထားက ၀န်ထမ်းတွေအတွက်လည်း
အိမ်ရာတွေကို ကန်ဘဲ့နဲ့ ရွာသာကြီးမှာနေရာ ချထားပေးသွားမှာဖြစ်ပါတယ်။ အတတ်နိုင်ဆုံးတော့
လမ်းအဆင့်မြှင့်တင်တာရော၊ ပြန်လည်နေရာချထားပေးတာရော ဒီနှစ်အတွင်း ပြီးအောင်
လုပ်ပေးသွားမှာပါ" ဟု ဦးထွန်းအောင်သင်းက ပြောသည်။

















