ရန်ကုန် အမှိုက်သိမ်းဆည်း သယ်ယူမှုကို ပုဂ္ဂလိက လွှဲပြောင်းပေးရန် စီစဉ်နေ

ရန်ကုန် အမှိုက်သိမ်းဆည်း သယ်ယူမှုကို ပုဂ္ဂလိက လွှဲပြောင်းပေးရန် စီစဉ်နေ

ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်း သယ်ယူမှုလုပ်ငန်းကို ပုဂ္ဂလိကသို့
လွှဲပြောင်းပေးရန်စီစဉ်လျက်ရှိပြီး ထိုသို့ လွှဲပြောင်းမှု အပေါ် ပြည်သူလူထု၏
သဘောထားကိုလည်း ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန
တာဝန်ရှိသူများက လွန်ခဲ့သော သီတင်းပတ်ကပြောသည်။

ဌာနသို့ ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်းသယ်ယူမှုလုပ်ငန်းများဆောင်ရွက်လိုသော
ပုဂ္ဂလိကလုပ်ငန်းရှင်ခုနစ်ဦးတင်ဒါတင်သွင်းခဲ့သည့်အနက်မှ နှစ်ဦးကို
ပဏာမရွေးချယ်ထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဌာနမှူး ဦးမင်းအောင်ကယခုလ
၁၃ရက်နေ့၌ ပြောသည်။

အဆိုပါတင်ဒါအောင်မြင်ထားသော City Environmental ကုမ္ပဏီနှင့်
TYTC Services Co Ltd တို့သည် ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်း၊
သယ်ယူပို့ဆောင်မှု လုပ်ငန်းများကို ၁၀နှစ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။
သို့ရာတွင် အဆိုပါပုဂ္ဂလိကလွှဲပြောင်းလုပ်ကိုင်မည့် အစီအစဉ်၊ ပြောင်းလဲ
တိုးမြှင့်ကောက်ခံမည့် အမှိုက်သိမ်းဆည်းခများအပေါ် အများပြည်သူ
သဘောထားကို ဦးစွာကောက်ခံသွားမည်ဖြစ်ကာ အများသဘောတူညီမှု
ရှိမှသာ ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုသည်။

"ပြည်သူလူထုရဲ့ သဘောထား ကောက်ခံတဲ့ လုပ်ငန်းတွေကို မေလ ၁၈ရက်နေ့မှာ
မြို့နယ်အလိုက် ဆွေးနွေးဆောင်ရွက်သွားမယ်။ ဇွန်လ ၃၀ရက်နေ့မှာ ပြည်သူတွေရဲ့
ဒီအစီအစဉ်ကို သဘောတူ၊ မတူ ဆိုတာဖော်ပြထားတဲ့ စာရွက်တွေကို ပြန်သိမ်းမယ်။
ပြီးရင် အခြေအနေကို ကော်မတီကို တင်ပြပြီး ကော်မတီရဲ့ဆုံးဖြတ်ချက်အတိုင်း
ဆက်လက်လုပ်သွားမှာပါ" ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊
ဒုတိယ ဌာနမှူး ဦး ခင်ဝင်းကပြောသည်။ လက်ရှိတွင် ဌာနမှ အမှိုက်သိမ်းဆည်း၊
သယ်ဆောင်ခအဖြစ် တစ်နေ့လျှင် မြို့တွင်းများတွင် ၂၀ကျပ်၊ မြို့နယ်တွင် ၁၅ကျပ် နှင့်
ဆင်ခြေဖုံး များတွင် ၁၀ကျပ်ကောက်ခံနေပြီး ပုဂ္ဂလိကပြောင်းလဲလုပ်ကိုင်ပါက
တစ်နေ့လျှင် ၂၀ကျပ်အစား ၅၃ကျပ်၊ ၁၅ကျပ်အစား ၄၅ကျပ်နှင့် ၁၀ ကျပ်အစား
၄၀ကျပ် ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။ လက်ရှိဌာနမှ ကောက်ခံနေသောနှုန်းမှာ
ရန်ကုန်မြို့၏ နေ့စဉ်ထွက်ရှိသော အမှိုက်တန်ချိန်၁၆၀၀ သိမ်းဆည်း၊
သယ်ဆောင်နေသည့် ကုန်ကျစရိတ်ကိုပြည့်မီခြင်းမရှိဘဲ ဌာနမှအဆိုပါ ကုန်ကျစရိတ်
အတွက် တစ်ရက်လျှင် ကျပ် ၁၃၃သိန်းစိုက်ထုတ်နေရကြောင်း ဦးခင်ဝင်းကပြောသည်။
City Environmental ကုမ္ပဏီမှ ဦးပြည့်စုံအောင်က ၎င်းတို့ ကုမ္ပဏီအနေဖြင့်
လုပ်ကိုင်ခွင့်ရရှိပါကရန်ကုန်မြို့တော်ကြီးပိုမိုသန့်ရှင်းသပ်ရပ်စေရန်အတွက်
ခေတ်မီ အမှိုက်သိမ်းကားများအသုံးပြုခြင်း၊ အနံ့အသက်လုံအမှိုက်ပုံးများလုံလောက်စွာ
ထားရှိခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် အချိန်မှန်အမှိုက်သိမ်းစနစ်ကို
လည်းအသုံးပြုသွားမည်ဟု ဆိုသည်။

အမှိုက်သိမ်းဆည်း၊ သယ်ယူမှုအား ပုဂ္ဂလိကလွှဲပြောင်းလုပ်ကိုင်ခြင်းကို အများပြည်သူက
လက်ခံပါက ကုမ္ပဏီများက ယခုနှစ်စက်တင်ဘာလတွင် စတင်လုပ်ကိုင်သွားမည်ဖြစ်ပြီး
ဌာနတာဝန်ရှိသူများက ကြီးကြပ်သွားမည်ဖြစ်ကြောင်း ဦးခင်ဝင်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး