ယခုနှစ်အတွင်း ရန်ကုန်မြို့၌ လိုင်စင်ပိတ်သိမ်းနိုင်သည့် အမှုတစ်ခုဖြစ်သော မီးနီဖြတ်မှုဖြင့်
ဖမ်းဆီးအရေးယူမှု ၁၉၂ မှု ရှိခဲ့ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲခွဲ့မှူးရုံး ရန်ကုန်မှ
ဒုတိယရဲမှူးကြီး လင်းထွဋ် က မေလ ၁၅ ရက်နေ့တွင် ပြောသည်။
"လိုင်စင်ပိတ်သိမ်းတဲ့ အမှု ၁၈ မှုထဲမှာ မီးနီဝင်ဖြတ်အမှုနဲ့ ယာဉ်မရပ်ဆိုတဲ့ လမ်းတွေမှာ
ရပ်တန့်တာတွေ အမျာဆုံးဖမ်းဆီးရမိတယ်။ ဒီနှစ်ထဲမှာ လိုင်စင်ပိတ် သိမ်းဖမ်းဆီးအရေးယူမှု
၁၄ မှုနဲ့ ဖမ်းဆီးအရေးယူခဲ့တဲ့ အမှုပေါင်း ၉၅၈ မှုကို ဖမ်းဆီးအရေးယူ ပြီးပါပြီ။ အဲဒီအထဲမှာ
အခုနှစ် ဇန်နဝါရီလကနေ မေလ ဒုတိယပတ်အထိကို မီးနီဖြတ်ဝင်ဖမ်းဆီးမှု ၁၉၂ မှု ကို
အရေးယူပြီးပါပြီ"ဟု ၎င်းကပြောသည်။
"မီးနီဖြတ်ဝင်တာ တကယ်တမ်းပြောရင် ကောင်းတဲ့ အလားအလာ မဟုတ်ဘူး။ သူမောင်းတဲ့
ဘက်ကနီနေတဲ့အချိန်မှာ တစ်ဖက်ကမီးစိမ်းနေပြီ၊ ယာဉ်တိုက်မှု သေချာပေါက်ဖြစ်နိုင်တယ်။
ယာဉ်မောင်းသူတွေကလည်း သက်ဆိုင်ရာက အခါအားလျှော်စွာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့
ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေ ကိုသိရှိလိုက်နာမှု အားနည်းနေသေးတယ်"ဟု ၎င်းကပြောသည်။
မူလက လိုင်စင်ပိတ်သိမ်း အရေးယူမည့်အမှု ၁၄ မှုသာ ရှိခဲ့သော်လည်း စည်းကမ်းပျက်
ယာဉ်မဆင်မချင် မောင်းနှင်မှုများကြောင့် နောက်ထပ်လေးမှုကို ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ဧပြီလ ရ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အရေးယူခြင်းကိုမူ လက်တလော ပညာပေးခြင်းနှင့် ဖမ်းဆီးခြင်း အဆင့်သာဖြင့်သာ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထပ်ပေါင်းပြင်ဆင်ခဲ့သည့် ယာဉ်လိုင်စင်ပိတ်သိမ်းမှုလေးမှုမှာ မော်တော်ယာဉ်တွင်
သတ်မှတ်နံပတ်ပြား မတတ်ဆင်ခြင်း၊ ရှေ့နောက်နံပတ်ပြား မပါခြင်း၊ မိမိလိုင်စင်ပါခွင့်ပြုထားသည့်
ယာဉ်မှအပမောင်းနှင်ခြင်း(သတ်မှတ်လိုင်စင်ဖြင့် မောင်းနှင်ခြင်း မရှိခြင်း)၊ ဘေးတွယ်နောက်တွယ်
အမိုးတို့တွင် တွယ်၍ စီးနင်းခြင်းနှင့် မော်တော်ယာဉ်လမ်းညွှန် အမှတ်အသားများကို လိုက်နာမှု
မရှိခြင်းတို့ဖြစ်သည်။
"ယခုတစ်ပတ်အတွင်း စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးအရေးယူမှု ၈,၀၀၇ မှုကို ဖမ်းဆီးအရေးယူခဲ့တယ်။
အဲဒီဖမ်းဆီးမှုတွေထဲမှာ ကြားကား ရှစ်စီး၊ စည်ပင်သာယာနယ်နိမိတ် ၃၁ မြို့နယ်အတွင်းမှ
လိုင်စင်ရှိတဲ့ ဆိုင်ကယ် ၃၃၁ စီးနဲ့ လိုင်စင်မဲ့ နှစ်စီး စည်ပင်သာယာနယ်နိမိတ်ပြင်ပမှာ ၉၄ စီး
ဖမ်းဆီးအရေးယူခဲ့တယ်။ မီးနီဖြတ်ဖမ်းဆီးအရေးယူမှု ၈၉ စီး၊ လမ်းပြောင်းပြန် မောင်းနှင်ယာဉ်
၂၉ စီးကို ဖမ်းဆီးအရေးယူခဲ့တယ်။ ဆိုင်ကယ်လှည့်ကင်းနဲ့ဖမ်းဆီး အရေးယူမှု ၈၁၂ မှု၊
ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပူးပေါင်းကော်မတီအဖွဲ့နဲ့ ဖမ်းဆီးမှု ၂၈၇ မှု၊ ယာဉ်ထိန်းရဲတပ်ဖွဲ့
၁၀ ဖွဲ့ ဖမ်းဆီးတဲ့ ၃,၀၆၉ အမှုကို ဖမ်းဆီးအရေးယူခဲ့ပါတယ်"ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က
ပြောသည်။
















