ရန်ကုန်၌ ယာဉ်ကြောကျပ်တည်းမှု လျှော့ချရေး ဘတ်စ်ကားများ အဆင့်မြှင့်တင်ရန် အကြံပြု

ရန်ကုန်၌ ယာဉ်ကြောကျပ်တည်းမှု လျှော့ချရေး ဘတ်စ်ကားများ အဆင့်မြှင့်တင်ရန် အကြံပြု

မြန်မာနိုင်ငံရှိ ကားအရေအတွက်မှာ များသည်ဟု ပြော၍ မရသေးသည့်အတွက် ကားတင်သွင်းခွင့်
ကို ကန့်သတ်ရန် မလိုသေးကြောင်းနှင့် ခရီးသည်တင်ဘတ်စ်ကားစနစ်ကို အဆင့်မြှင့်တင်ခြင်း
ကသာ အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ
ဦးအောင်မြင့် က မေလ ၁၈ ရက်နေ့တွင် ပြုလုပ်သော မော်တော်ယာဉ်ပေါ်လစီနှင့် မြန်မာ့ကား
ဈေးကွက်အလားအလာ စကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။

"၂၀၀၀ ပြည့်နှစ်တုန်းက တစ်ပြည်လုံးမှာ ယာဉ်စီးရေ လေးသိန်းခွဲပဲရှိသေးတာ။ ကားတွေ
တင်သွင်းခွင့်ပြုပြီးနောက်ပိုင်း အခုဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာယာဉ်စီးရေ ငါးသန်းလောက်
ရှိနေပြီးတော့ ငါးသန်းမှာ ၈၅ ရာခိုင်နှုန်းက မော်တော်ဆိုင်ကယ်တွေဖြစ်တယ်။ မော်တော်ကား
ရှစ်သိန်းရှိတာမှာ ရန်ကုန်မြို့မှာ တစ်နိုင်ငံလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်၊ ငါးသိန်းလောက် ရှိနေတယ်။
ဒါပေမဲ့ အဓိက သွင်းတာက ဇိမ်ခံကားတွေဖြစ်နေပြီးတော့ အဲဒီမှာ လိုက်ထရပ်၊ ဟဲဗီးထရပ်နဲ့
ဘတ်စ်ကားသွင်းတာက တစ်နိုင်ငံလုံးမှာမှ ၂၂,၆၀၀၊ ၂ ဒသမ ရ၅ ရာခိုင်နှုန်းလောက်ပဲရှိတယ်။
ကိုယ်ပိုင်ကားတွေ စီးနေကြတယ်။ ယာဉ်ကြောကျပ်တာကိုပဲ ပြောနေကြတယ်။ စနစ်မှားနေတာကို
ဘယ်သူမှမပြောဘူး။ အများပြည်သူ သယ်ယူပို့ဆောင်ရေးသာကောင်းရင် ဘတ်စ်ကားတွေပဲ
စီးကြမှာ" ဟု ဦးအောင်မြင့် ကပြောသည်။

ရန်ကုန်မြို့တွင် ကြံုတွေ့နေရသော ယာဉ်ကြောကျပ်တည်းမှုမှာ ကားတင်သွင်းခွင့်ကြောင့်ဟုဆိုကာ
ကားတင်သွင်းမှုကို ပိတ်ပင်ရန် ထောက်ပြမှုများရှိခဲ့သောကြောင့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလက
ဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံလူဦးရေနှင့် နှိုင်းယှဉ်ကြည့်ပါက လူ ၁,၀၀၀ တွင် ၁၄ ဦး သာ
ကားစီးနိုင်သေးပြီး ခရီးသည်တင်ဘတ်စ်ကားမှာလည်း ရန်ကုန်မြို့တွင် အစီးရေ ၆,၀၀၀ ခန့်သာရှိပြီး
စည်းကမ်းချိုးဖောက်မှုများကြောင့်သာ ယာဉ်ကြောကျပ်တည်းမှု ဖြစ်နေခြင်းဖြစ်သည်။

"အများပြည်သူ သယ်ယူပို့ဆောင်ရေးမကောင်းလို့သာ အခုလို ယာဉ်ကြောကျပ် တည်းမှုတွေ
ဖြစ်နေတာ။ ဘတ်စ်ကားတွေကို စည်းကမ်းတင်းကျပ်မှုလည်းမရှိတော့ မလိုလားအပ်တဲ့
ကျပ်တည်းမှုတွေ ပိုဖြစ်တယ်။ ကားသွင်းခွင့်ရပြီဆိုတဲ့အခါမှာ ကိုယ်ပိုင်ကားတွေပဲ
သွင်းချင်နေကြတယ်။ ဘတ်စ်ကားကို အသုံးမပြုချင်ကြဘူး။ စနစ်သာ ကောင်းလာမယ်ဆိုရင်
ဘတ်စ်ကားကိုပဲ လူသုံးများလာပြီး ယာဉ်ကြောကျပ်တည်းမှုတွေ ဖြစ်မှာ မဟုတ်တော့ဘူး" ဟု
ဦးအောင်မြင့် ကပြောသည်။

ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချရန်အတွက် မြို့ပတ်ရထားများကို အဆင့်မြှင့်တင်မှုများ
ပြုလုပ်နေသော်လည်း ရထားက ခရီးသည်တင်ဆောင်နိုင်သည့် ဦးရေမှာ နည်းနေသေးသည့်
အတွက် ထိရောက်မှုမရှိသေးဘဲ လူထုကလည်းစိတ်ဝင်စားမှု နည်းနေသေးသည်။

"ကားသွားတဲ့လမ်းကြောင်းနဲ့ ရထားသွားတဲ့ လမ်းကြောင်းက ကွန်ရက်ချိတ်ဆက်ဖို့ မလွယ်ဘူး။
တစ်လမ်းစီဖြစ်နေတယ်။ လက်ရှိမှာ အဲဒီနှစ်ခုကို ချိတ်ဆက်ပေးတာက ဆိုက္ကားပဲဖြစ်နေသေးတယ်။
ဘာပဲပြောပြော ရေရှည်မှာ ရထားလမ်းနဲ့ ကားလမ်းကို ချိတ်ဆက်ပြီးသွားလာနိုင်ဖို့
ဆောင်ရွက်ရမယ်။ ဒီအပိုင်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့
ဒေါက်တာမောင်အောင်တို့က အများပိုင်ကုမ္ပဏီတွေ ဖွဲ့ပြီး လုပ်နေတာတွေရှိတယ်။
ဒါပေမဲ့ အဲဒါကလည်း ယာဉ်ကြောပိတ်ဆို့မှုကို တစ်စိတ် တစ်ပိုင်းလောက်ပဲ လျော့နည်းနိုင်မယ်။
အားလုံးဖြေရှင်းနိုင်ဖို့က လက်ရှိသွားနေတဲ့ ကားတွေအကုန်လုံးကို စည်းကမ်းပိုင်းအရင် တင်းကျပ်ဖို့
လိုတယ်။ အခု ယာဉ်ကြောကျပ်တည်းမှုရဲ့ ၃၀ ရာခိုင်နှုန်းလောက်က စည်းကမ်းပျက်မှုကြောင့်
ဖြစ်နေတာ" ဟု ဦးအောင်မြင့် ကပြောသည်။

ထို့ပြင် ကားပါကင်နေရာ လုံလုံလောက်လောက် မရှိခြင်းကြောင့် လမ်းပေါ်တွင် ယာဉ်များ
ရပ်တန့်ထားခြင်းကလည်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်စေသည့် အကြောင်းရင်းများထဲမှ
တစ်ခုဖြစ်ပြီး အထူးအလေးထား ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး