ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်း သယ်ယူမှုလုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရန်
စီစဉ်လျက်ရှိပြီး ထိုသို့ လွှဲပြောင်းမှုအပေါ် ပြည်သူလူထု၏ သဘောထားကိုလည်း
ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန တာဝန်ရှိသူများက လွန်ခဲ့သော သီတင်းပတ်တွင် ပြောသည်။
ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်း၊ သယ်ယူမှုလုပ်ငန်းများ ဆောင်ရွက်လိုသော ပုဂ္ဂလိကလုပ်ငန်းရှင်
ခုနစ်ဦး ဌာနသို့ တင်ဒါတင်သွင်းခဲ့သည့်အနက်မှ နှစ်ဦးကို ပဏာမရွေးချယ်ထားပြီးဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊
ဌာနမှူး ဦးမင်းအောင်က မေလ ၁၃ ရက်နေ့တွင် ပြောသည်။
အဆိုပါ တင်ဒါအောင်မြင်ထားသော City Environmental ကုမ္ပဏီနှင့် TYTC Services
Co., Ltd. တို့သည် ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်း၊ သယ်ယူပို့ဆောင်မှု လုပ်ငန်းများကို
၁၀ နှစ် လုပ်ခွင့်ရရှိမည်ဖြစ်သည်။
"ပြည်သူလူထုရဲ့ သဘောထား ကောက်ခံတဲ့ လုပ်ငန်းတွေကို မေလ ၁၈ ရက်နေ့မှာ မြို့နယ်အလိုက်
ဆွေးနွေးဆောင်ရွက်သွားမယ်။ ဇွန်လ ၃၀ ရက်နေ့မှာ ပြည်သူတွေရဲ့ ဒီအစီအစဉ်ကို သဘောတူ၊
မတူ ဆိုတာဖော်ပြထားတဲ့ စာရွက်တွေကို ပြန်သိမ်းမယ်။ ပြီးရင် အခြေအနေကို ကော်မတီကို
တင်ပြပြီး ကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်လုပ်သွားမှာပါ"ဟု ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဒုတိယ ဌာနမှူး ဦးခင်ဝင်းက ပြောသည်။
အမှိုက်သိမ်းဆည်း၊ သယ်ယူမှုကို ပုဂ္ဂလိက လွှဲပြောင်းလုပ်ကိုင်ခြင်းအပေါ် အများပြည်သူက
လက်ခံပါက ကုမ္ပဏီများက ယခုနှစ် စက်တင်ဘာလတွင် စတင်လုပ်ကိုင်သွားမည်ဖြစ်ပြီး
ဌာနတာဝန်ရှိသူများက ကြီးကြပ်သွားမည်ဟု ဦးခင်ဝင်းက ပြောသည်။
လက်ရှိတွင် အမှိုက်သိမ်းဆည်း၊ သယ်ဆောင်ခအဖြစ် တစ်နေ့လျှင် မြို့တွင်းများတွင် ၂၀ ကျပ်၊
မြို့နယ်များတွင် ၁၅ ကျပ် နှင့် ဆင်ခြေဖုံးများတွင် ၁၀ ကျပ်ကို ဌာနက ကောက်ခံနေပြီး ပုဂ္ဂလိက
ပြောင်းလဲ လုပ်ကိုင်ပါက တစ်နေ့လျှင် ၂၀ ကျပ်အစား ၅၃ ကျပ်၊ ၁၅ ကျပ်အစား ၄၅ ကျပ်နှင့်
၁၀ ကျပ်အစား ၄၀ ကျပ် ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။
လက်ရှိဌာနမှ ကောက်ခံနေသောနှုန်းမှာ ရန်ကုန်မြို့၏ နေ့စဉ်ထွက်ရှိသော အမှိုက်တန်ချိန်
၁,၆၀၀ သိမ်းဆည်း၊ သယ်ဆောင်နေသည့် ကုန်ကျစရိတ်ကို ပြည့်မီခြင်းမရှိဘဲ ဌာနအနေဖြင့်
အဆိုပါနေ့စဉ် ကုန်ကျစရိတ်အတွက် တစ်ရက်လျှင် ကျပ် ၁၃၃ သိန်း စိုက်ထုတ်နေရကြောင်း
ဦးခင်ဝင်းက ပြောကြားသည်။

















