အငှားယာဉ်စီး ခရီးသည်များ လုယက်တိုက်ခိုက်ခံရသဖြင့် ပိတ်ဆို့စစ်ဆေးနေ

အငှားယာဉ်စီး ခရီးသည်များ လုယက်တိုက်ခိုက်ခံရသဖြင့် ပိတ်ဆို့စစ်ဆေးနေ

ရန်ကုန်မြို့၌ ညအချိန်တွင် အငှားယာဉ်စီးခရီးသည်များထံမှ လုယက်မှုများဖြစ်ပေါ်နေသည့်အတွက်
မြို့နယ်အလိုက် ယာဉ်ကြော ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့
တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ညဉ့်အချိန် အငှားယာဉ်ငှားစီးတဲ့ ခရီးသည်တွေဆီကနေ လုယက်မှုတွေ ဖြစ်နေတဲ့အတွက်ကြောင့်
မြို့နယ်အလိုက် ယာဉ်ကြော ပိတ်ဆို့စစ်ဆေးမှုတွေကို အဖွဲ့တွေခွဲပြီးတော့ ဆောင်ရွက်နေတယ်။
ဒီလို ဆောင်ရွက်တဲ့ နေရာမှာလည်း အငှားယာဉ်တင် မဟုတ်ဘူး ဒီစစ်ဆေးမယ့်
လမ်းကြောင်းပေါ်မှာ သွားလာနေတဲ့ ကိုယ်ပိုင်ယာဉ်တွေလည်းပါမယ်။ စစ်ဆေးမှုလုပ်တဲ့
အချိန်မှာလည်း တစ်ခါတည်း အသိပညာပေးတာကို ဆောင်ရွက်နေတယ်။ မိမိတို့ ကားမောင်းတဲ့
အချိန်မှာ အငှားယာဉ်တွေပေါ်မှာ မသင်္ကာတာတွေ့ရင် သက်ဆိုင်ရာကို ချက်ချင်းအကြောင်းကြားဖို့
အတွက် ပြောကြားဆောင်ရွက်နေတယ်။ ယာဉ်စစ်ဆေးရေးအဖွဲ့တွေကလည်း ယာဉ်ကို
တားဆီးစစ်ဆေးတဲ့အချိန်မှာ ယာဉ်ပေါ်မှာပါလာတဲ့ တုတ်၊ ဓားလက်နက်နဲ့ မူးယစ်ဆေးဝါးတွေ
ကိုလည်း တစ်ပါတည်း အရေးယူဆောင်ရွက်သွားမှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
ရဲမှူးပြည့်စုံက မြန်မာတိုင်း(မ်)ကိုပြောသည်။

ယခု မေလဆန်းပိုင်းက ဗဟန်းမြို့နယ်အတွင်းရှိ ဘားတစ်ခုမှ ပြန်လာသည့် အမေရိကန်နိုင်ငံသူ
တစ်ဦးကို အငှားယာဉ်မောင်းက ငှားရမ်းသည့် ဟိုတယ်သို့ ပို့ဆောင်ခဲ့ခြင်းမရှိဘဲ
ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်သို့ ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ရန်ကြံစည်မှု ဖြစ်ပွားခဲ့သည်။

ထိုသို့ပြုမူစဉ် အမေရိကန်သူက ရုန်းကန်ပြီး ကားပေါ်က ဆင်းပြေးခဲ့ကြောင်း၊ ကားမှာအဖြူရောင်
ဆလွန်းကားဖြစ်ကြောင်း၊ ကားနံပါတ်ကိုမူ မမှတ်မိကြောင်း သိရသည်။

"ဖြစ်တဲ့ အမျိုးသမီးက အမေရိကန်သူဖြစ်နေတယ်။ မေးရတာလည်း အကန့်စနစ်နဲ့ မေးရတယ်။
ရဲစခန်းကိုလာတာ ကားပေါ်ကမဆင်းဘူး။ သူနဲ့အတူ ကောင်စစ်ဝန် အမျိုးသမီးတစ်ဦးနဲ့
စကားပြန်မြန်မာ အမျိုးသားတစ်ဦးတို့ ပါလာတယ်။ သူတို့နဲ့ တစ်ဆင့်ပြောတယ်။
သူ့နာမည်မေးတော့လည်း မပြောဘူး။ လိပ်စာမေးတော့လည်း မပြောဘူး။ လက်ကိုင်ဖုန်းတစ်လုံးပဲ
ပါသွားတယ်။ အမှုတရားဝင် မဖွင့်ဘူးဆိုတာကိုလည်း ရဲစခန်းလာတဲ့အချိန်မှာလည်း
ပြောသွားသလို ဖုန်းဆက်ပြီးတော့လည်း ထပ်ပြောတယ်။ ဒီအတိုင်း လာအကြောင်းကြားတာပါလို့
ပြောတယ်။ ကိုယ်တွေကလည်း ရဲလုပ်ငန်းနဲ့အညီ သူတို့နဲ့အတူ အခင်းဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်
ကို သွားကြည့်ကြတယ်။ ကျွန်တော်တို့ အမှုနဲ့ပတ်သက်ပြီးတော့ နည်းနည်းပါးပါးမေးတာတောင်
စိတ်ခံစားချက်တွေ ရှိလို့ဆိုပြီးတော့ မမေးပါနဲ့လို့ပြောပြီး အဲဒီနေရာက ပြန်သွားတယ်" ဟု
ဗဟန်းရဲစခန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုရဲမှူး သိန်းဝင်းက ပြောသည်။

"ကောင်စစ်ဝန်အမျိုးသမီးက ဖုန်းလှမ်းဆက်ပြီးတော့ ဖုန်းလောက်ပဲပါသွားတဲ့အတွက်ကြောင့်
အမှုမဖွင့်လိုတော့ဘူး။ ၀ုိင်းဝန်းကူညီပေးတဲ့အတွက်ကြောင့် ကျေးဇူတင်ပါတယ်ဆိုပြီး
ဖုန်းဆက်အကြောင်းကြားခဲ့တယ်" ဟု ၎င်းကပြောသည်။

ထိုကဲ့သို့ နိုင်ငံခြားသူအမျိုးသမီးကို အငှားယာဉ်မောင်းက အဓမ္မပြုကျင်ရန် ကြိုးစားခဲ့မှုမှာ
ရန်ကုန်မြို့ရှိ နိုင်ငံခြားသား အသိုက်အဝန်းနှင့် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး အမေရိကန်သံရုံးကလည်း
အမေရိကန် နိုင်ငံသားများကို သတိပေးခဲ့သည်။

အဆိုပါ သတိပေးချက်တွင် မှတ်ပုံတင်ထားသည့် အငှားယာဉ်များသာ အသုံးပြုရန်၊
သူစိမ်းများနှင့်အတူ လမ်းကြံုမစီးရန်၊ ယာဉ်မောင်း၏ နောက်ကြောတည့်တည့်နေရာမှ စီးရန်နှင့်
ယာဉ်နံပါတ်နှင့် အငှားယာဉ် မှတ်ပုံတင်နံပါတ်ကို မှတ်သားထားရန် ပါ၀င်သည်။

ထို့ပြင် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှု မဖြစ်ပွားစေရေးအတွက် မလျော်ကန်သည့်
၀တ်စားဆင်ယင်မှု မပြုလုပ်ရန်၊ ညအချိန် အထူးသဖြင့် သောက်စားပြီးချိန်တွင် တစ်ဦးတည်း
သွားလာမှုကို ရှောင်ကြဉ်ရန်တို့ကိုလည်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံသည် ခရီးသွားရန် လုံခြံုစိတ်ချရသည့် နေရာတစ်ခုဖြစ်နေဆဲဖြစ်ကာ ယခုကဲ့သို့
ဖြစ်ရပ်များမှာလည်း ပုံမှန်ဖြစ်ပွားလေ့မရှိဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ကြိုတင်ကာကွယ်ခြင်းဖြင့် အန္တရာယ်များကို ရှောင်ရှားနိုင်မည်ဟု ဖော်ပြထားသည်။

မကြာမီကလည်း ဂျပန်နိုင်ငံသားတစ်ဦးမှာလည်း ကားငှားနေစဉ် တိုက်ခိုက်မှုခံခဲ့ရသည်ဟုဆိုသည်။

ထို့ပြင် မေလ ၈ ရက်နေ့ကလည်း ဩစတြေးလျနိုင်ငံသားတစ်ဦး တက္ကစီပေါ်တွင် အိပ်ပျော်သွားစဉ်
အတူလမ်းကြံု လိုက်ပါလာသည်ဆိုသည့် အမျိုးသမီးများက ပစ္စည်းနှင့် ပိုက်ဆံများကို ခိုးယူသွားမှု
လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

ရဲမှူးပြည့်စုံက နိုင်ငံခြားသားများသာမက မြန်မာနိုင်ငံသားများကိုလည်း အငှားယာဉ်မောင်းက
လုယက်တိုက်ခိုက်သည့် အမှုများရှိခဲ့သည်ဟု ပြောကြားသည်။

အမေရိကန်နိုင်ငံသူအား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားပြီးမကြာမီ ရခိုင်ပြည်နယ်မှ ပြန်လာသည့်
အမျိုးသမီးငယ်တစ်ဦးကို ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်သို့ ခေါ်ဆောင်သွားကာ လုယက်ခဲ့မှု
ဖြစ်ပွားခဲ့သေးသည်။

လုယက်မှုကျူးလွန်သူအချို့ကိုလည်း စစ်ဆေးလျက်ရှိပြီး ဖြစ်ပွားခဲ့သည့် အမှုများနှင့် တိုက်ဆိုင်
စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မှတ်ပုံတင်ထားသည့် အငှားယာဉ်အရေအတွက်မှာ ၁၈ လအတွင်း
၂၀,၀၀၀ မှ ၅၅,၀၀၀ အထိ မြင့်တက်သွားသည်ဟု မော်တော်ယာဉ်လိုင်းပေါင်းစုံထိမ်းသိမ်းရေး
ကြီးကြပ်မှုကော်မတီ (မထသ)မှ သိရသည်။

သို့ရာတွင် အငှားယာဉ်တစ်စီးစီမှာ ပိုင်ရှင် တစ်ဦးချင်းစီက ပိုင်ဆိုင်ကြပြီး အချို့ယာဉ်များမှာ
နေ့ဆိုင်းညဆိုင်းဖြင့် ယာဉ်မောင်းများကို ငှားရမ်းမောင်းနှင်စေခြင်းဖြစ်ရာ ခြေရာခံရန် ခက်ခဲမည်
ဖြစ်သည်။

မထသဥက္ကဋ္ဌ ဦးလှအောင်က ၎င်းတို့ အနေဖြင့် ပြစ်မှုကျူးလွန်သည့် အငှားယာဉ်မောင်းများကို
ခြေရာခံရှာဖွေရန် ကူညီပေးနိုင်သော်လည်း အငှားယာဉ်ကို မှတ်ပုံမတင်ထားပါက ခက်ခဲမည်ဟု
ဆိုသည်။

ညအချိန်မတော် ခိုက်ရန်ဖြစ်ပွားမှု၊ လုယက်မှု၊ ယာဉ်တိုက်မှုများနှင့် အခြားသော မှုခင်းဖြစ်စဉ်များ
မဖြစ်ပွားနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းရဲတပ်ဖွဲ့မှူးတို့က ကေတီဗီ၊
ကလပ်နှင့် ဘားပိုင်ရှင်များကို ည ၁၁ နာရီနောက်ဆုံးထား ပိတ်သိမ်းရန် အသိပေးခဲ့သည်။

"မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ဒေသန္တရ အုပ်ချုပ်ရေးအရ မိမိတို့မြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ အဲဒီလို
ဆိုင်မျိုးတွေကို ည ၁၁ နာရီနောက်ဆုံးထားပြီး ပိတ်ခိုင်းထားတယ်။ သူတို့တွေကလည်း
အဲဒီအချိန်ကို အချိန်မီ မပိတ်နိုင်ကြတာတွေရှိတယ်။ တချို့ဆိုင်တွေဆိုရင် မနက် ၃ - ၄ နာရီလောက်
အထိကို ဖွင့်ကြတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းအောင် ကပြောသည်။

အေးငြိမ်းဝင်း ဖြည့်စွက်ရေးသားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး