နှစ်စဉ် ကိုယ်ဝန်ဆောင် သုံးသိန်းခွဲကျော် ကိုယ်ဝန် ပျက်ကျမှုဖြစ်

နှစ်စဉ် ကိုယ်ဝန်ဆောင် သုံးသိန်းခွဲကျော် ကိုယ်ဝန် ပျက်ကျမှုဖြစ်

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် အမျိုးသမီးတစ်သန်းခန့် ကိုယ်ဝန်ဆောင်သည့်အနက် သုံးပုံတစ်ပုံခန့်
ဖြစ်သည့် သုံးသိန်း ခန့်မှာ ကိုယ်ဝန်ပျက်ကျမှု ဖြစ်ပွားလျက် ရှိသည်ဟု မျိုးဆက်ပွားကျန်းမာရေး
စောင့်ရှောက်မှုအပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့မှ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က
ပြောသည်။

ပြည်တွင်းရှိ ကျန်းမာရေးအခြေအနေကို စစ်တမ်းကောက်ယူနေသည့် အစိုးရ နှင့် ကုလသမဂ္ဂအဖွဲ့
များ၏ လေ့လာ တွေ့ရှိချက်များကို ကိုးကားပြီး စက်တင် ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့
Summit Park View Hotel ကျင်းပခဲ့သည့် World Contraception  Day အခမ်းအနားတွင်
ဒေါက်တာစစ်နိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကိုယ်ဝန်ပျက်ကျမှုများရသည့် အကြောင်းတွေထဲမှာ ကိုယ်ဝန်မဆောင် နိုင်လို့ ပျက်ကြတာလည်း
ပါသလို တရား မဝင် ကိုယ်ဝန်ဖျက်ချမှုများကြောင့် လည်း ဖြစ်ပါတယ်"ဟု ဒေါက်တာစစ်နိုင် က
ပြောသည်။

မြန်မာနိုင်ငံ၏ လူဦးရေသန်း ၆၀ တွင် ကိုယ်ဝန်ဆောင်နိုင်သည့် အရွယ်ရောက် အမျိုးသမီး ခုနစ်
သန်းခွဲခန့်ရှိသည်။

အမျိုးသမီးအများစုသည် ကျေးလက် ဒေသများတွင်နေထိုင်ခြင်း၊ ပညာမတတ် ခြင်း၊ ကျန်းမာရေး
ဗဟုသုတနည်းပါး ခြင်း၊ သားဆက်ခြားရန် အသိပညာလွဲနေ ခြင်း၊ ငွေကြေးမတတ်နိုင်ခြင်း၊ လူမှုရေး
အဟန့်အတားများနှင့် သားဆက်ခြား ၀န်ဆောင်မှုလုပ်ငန်းများ လိုအပ်နေခြင်း စသည့် အကြောင်း
များကြောင့် ကိုယ်ဝန် ပျက်ကြမှုများ ဖြစ်ပွားနေရခြင်းဖြစ်သည် ဟု ဒေါက်တာစစ်နိုင်က ပြောသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ကမ္ဘာ့ လူဦးရေအဖွဲ့ ပူးပေါင်း
စစ်တမ်းကောက် ယူချက်များအရ ကလေးရယူနိုင်သည့် အိမ်ထောင်ရှိအမျိုးသမီးများ လေးဦး လျှင်
တစ်ဦးမှာ ကလေးမယူကြချင်သော် လည်း သန္ဓေတားဆေး၊ သို့မဟုတ် သားဆက်ခြား အသုံးမပြု
ထားသည်ကို လေ့လာတွေ့ရှိခဲ့သည်။

"ကျန်းကျန်းမာမာရှိနေတဲ့ အမျိုးသမီး တစ်ဦးက ခဏခဏ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးနေမယ်
ဆိုရင် သူမရဲ့ ကျန်းမာရေး ချို့တဲ့လာနိုင်သလို ကိုယ်ဝန် ပျက်ကျမှုကြောင့်လည်း မိခင်နဲ့ ကလေး
ရဲ့ အသက်အန္တရာယ်လည်း ထိခိုက်နိုင် ပါတယ်။ ကလေးမွေးပြီး နှစ်နှစ်လောက် ခြားပြီးမှ
နောက်ထပ် ကိုယ်ဝန်ထပ်ယူ ခြင်းသည် မိခင်နှင့် ကလေး ကျန်းမာရေး အတွက် အကောင်းဆုံးဖြစ်
ပါတယ်" ဟု ဒေါက်တာစစ်နိုင်က ပြောသည်။

ထို့ပြင် လူငယ်များအကြား လိင်မှုကိစ္စ စိတ်စားမှုများလာသော်လည်း မျိုးဆက် ပွားကျန်းမာရေးနှင့်
ပတ်သက်သည့် အသိပညာ အားနည်းမှုများကြောင့် လည်း တရားမဝင် ကိုယ်ဝန်ဖျက်ချမှုများ
ကြောင့် အသက်အန္တရာယ်ရှိသော ကိုယ်ဝန်ပျက်ကျမှုများနှင့် ဆေးရုံတက် ရောက်လာကြသည့်
လူနာဦးရေမှာ တစ်နှစ်ထက်တစ်နှစ် ပိုပိုတိုးလာသည် ဟု ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာန ဒုတိယ
တိုင်းဦးစီးမှူး ဒေါက်တာ ဒေါ်ဝေ မာမာထွန်းက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၀၄ ခုနှစ် မိသားစုကျန်းမာရေးနှင့် လူငယ်ထု အကြားပြုလုပ်ခဲ့သော
လေ့လာချက် မှတ်တမ်းအရ အရပ်လက်သည်များနှင့် ကိုယ်ဝန်ဖျက်ချမှုမှာ အများဆုံးဖြစ်ပြီး၊
အသက်အန္တရာယ်နှင့် အလွန်နီးစပ်ကာ ကိုယ်ဝန်ပျက်ကြမှုကြောင့် မိခင်လောင်း သေဆုံးမှု တတိယ
အများဆုံးဖြစ်သည်။

ကမ္ဘာ့ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာ၏ ၂၀၀၅ ခုနှစ်က နောက်ဆုံး
ထုတ်ပြန်ထားသည့် စစ်တမ်းများအရ ကိုယ်ဝန်ဆောင်မိခင် သေပျောက်နှုန်းမှာ မွေးဖွားသူတစ်သိန်း
တွင် ၃၁၆ ဦး သေဆုံးလျက်ရှိပြီး၊ ၁၀ရာခိုင် နှုန်းမှာ ကိုယ်ဝန်ပျက်ကျမှုကြောင့် သေဆုံးခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်