အာရှ- ဥရောပလူထုနှီးနှောပွဲတွင် မြန်မာ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးမည်

အာရှ- ဥရောပလူထုနှီးနှောပွဲတွင် မြန်မာ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးမည်

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ အောက် တိုဘာလ ၁၆ မှ ၁၉ ရက်နေ့အထိ ကျင်းပ မည့် နဝမအကြိမ်
အာရှ-ဥရောပ လူထု နှီးနှောဖလှယ်ပွဲတွင် မြန်မာအရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်
များ တက်ရောက်၍ အသွင်ပြောင်းဆဲ မြန်မာနိုင်ငံ၏ အတွေ့အကြံုများကို နှီးနှောဆွေးနွေးသွားမည်
ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နှီးနှောဖလှယ်ပွဲကို 'ဆင်းရဲ နွမ်းပါးမှုတိုက်ဖျက်ရေးနှင့် တည်မြဲသော ဖွံ့ဖြိုးရေးအတွက်
လူထုများ သွေးစည်း ညီညွတ်ခြင်း၊ မတရားသော၊ မညီမျှသော ဖွံ့ဖြိုးမှုကိုစိန်ခေါ်၍ နိုင်ငံသားများ၏
နိုင်ငံအတွက်တည်ဆောက်ခြင်း' ဟူ သော ဦးတည်ချက်ဖြင့် ဆွေးနွေးရမည် ဖြစ်သည်။

ဆွေးနွေးပွဲတွင် အဓိကခေါင်းစဉ် လေးခုဖြစ်သော အားလုံးအကျုံးဝင် လူမှုအကာအကွယ်ပေးခြင်းနှင့်
မရှိ မဖြစ်လိုအပ်သော ၀န်ဆောင်မှုများ၊ လက်လှမ်းမီမှု၊ စားနပ်ရိက္ခာ၊ အချုပ် အခြာအာဏာနှင့်
တည်မြဲသော မြေယာ၊ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှု၊ တည်မြဲသော စွမ်းအင်ထုတ်လုပ်မှုနှင့်
အသုံးပြုမှုနှင့် တရားမျှတသောအလုပ် နှင့် တည်မြဲသောအသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ
စသည်တို့ ပါ၀င် သည်။

အဆိုပါဆွေးနွေးပွဲသို့ စားနပ်ရိက္ခာ ဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်၊ မြန်မာ
အင်န်ဂျီအို ကွန်ရက်၊ မြန်မာလူငယ်များဖိုရမ်၊ မြန်မာ အမျိုးသမီးကွန်ရက်၊ ဂျီဒီအိုင် (Gender
and Development Initiative)၊ ဖွ့ံဖြိုး ရေး ပညာ့ရောင်ခြည်အဖွဲ့၊ မြန်မာ အစိမ်းရောင်အဖွဲ့၊
ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများကွန်ရက် (အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်) တို့မှ ကိုယ်စားလှယ်
၁၀ ဦး တတ်ရောက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၀ဦးက နှီးနှောဖလှယ်ပွဲ ဒုတိယနေ့
တွင် 'အသွင်ကူးပြောင်းဆဲတိုင်းပြည်တွင် တရားမျှတသော လူမှုရေးနှင့် ဂေဟစနစ်ဆိုင်ရာအနာဂတ်
ကို မည်သို့လုံခြံုအောင် စီမံသင့်ကြောင်း' ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ အတွေ့အကြံုများကို အခြေခံ
ကာ ပါ၀င် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကိုယ်စားလှယ်အဖွဲ့အစည်းတစ်ခုဖြစ် သော ဂျီဒီအိုင်
(Gender and Development Initiative)မှ အမှုဆောင်ဒါရိုက် တာ ဆလိုင်းအိုက်ဇက်ခင်က
ပြောသည်။

"ဒီမိုကရေစနစ်ကို ကူးပြောင်းနေတဲ့ အချိန်မှာ ကြံုတွေ့နေရတဲ့အခြေအနေ၊ အတွေ့အကြံုတွေကို
တခြားနိုင်ငံတွေကို တင်ပြဆွွေးနွေးသွားမယ်။ တိုင်းပြည်ရဲ့ ကဏ္ဍတိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ
ဟာ အများဆုံးအကျိုးရှိမယ့် အတိုင်း အတာကို အလေးထားဖို့လိုအပ်တယ်။ ပွင့်လင်းမြင်သာမှု
ရှိရမယ်။ တာဝန်ယူ နိုင်ရမယ်။ လူမှုရေးကာကွယ်စောင့် ရှောက်မှုမှာ အဓိကကျတဲ့ ကျန်းမာရေး၊
ပညာရေး၊ လူမှုရေးဆိုင်ရာ မူဝါဒတွေ ဟာ အနိမ့်ဆုံး၊ အဆင်းရဲဆုံး လူတန်းစား အထိ ထည့်သွင်း
စဉ်းစားပေးဖို့ လိုအပ် တယ်။ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် စီမံကိန်းတွေ လုပ်နေတယ်။ ဒါဟာ
တကယ်လိုအပ်ပေမယ့် ပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်နိုင်မယ့်အခြေအနေကို ထည့်သွင်း
စဉ်းစားရမယ်။ ဆိုးကျိုးအနည်းဆုံး၊ ထိခိုက်မယ့်အနည်းဆုံးဖြစ်ဖို့ လိုအပ်တယ်"ဟု ဆလိုင်းအိုက်
ဇက်ခင်က ပြောသည်။

အလားတူ ဆွေးနွေးပွဲတွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူမှုလုံခြံု ရေး ဆက်စပ်
အခြေအနေများကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။ တိုင်းပြည် အကျိုးစီးပွားအတွက် ပြည်ပနိုင်ငံ
များမှ ရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများ လိုအပ်ပါသည်။ သို့သော် ၎င်းတို့အား လက်ခံဆောင်ရွက်
ရာတွင် ဒေသခံပြည်သူများ၏ သဘောထားကို အလေးထား၍ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည်။

"မြန်မာနိုင်ငံက အဖွဲ့အစည်းတစ်ခုချင်းစီအလိုက် ကိုယ်စားလှယ်တွေ အာဆီယံနဲ့ ဥရောပနိုင်ငံ
ကိုယ်စားပြု ဆွေးနွေးပွဲတွေမှာ တတ်ရောက်ဆွေးနွေး တာတွေ ရှိခဲ့ပေမယ့် အများမသိလိုက်ကြဘူး။
အခု အများသိအောင်လုပ်သွား မယ်။ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ဘာတွေဆွေးနွေးမယ်၊
ရှေ့ဆက်ပြီး ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်ဆိုတာကိုလည်း ပြည်သူသိအောင်ချပြသွား
မှာပါ။ အခုဆွေးနွေးပွဲဟာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး ပထမဆုံးအကြိမ် နိုင်ငံကိုယ်
စားပြု တက်ရောက်မှာပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးက အတွေ့အကြံုတွေကို အိမ်နီးချင်းနဲ့
ဥရောပနိုင်ငံတွေ သိဖို့ လိုအပ်တယ်။ ဒါမှလည်း မြန်မာ နိုင်ငံရဲ့ သဘောထားအခြေအနေကို
နားလည်နိုင်မယ်" ဟု မြန်မာအင်န်ဂျီအို အဖွဲ့မှ ဦးမြင့်ဆွေက ပြောသည်။

အာရှ-ဥရောပ လူထုနှီးနှောဖလှယ်ပွဲသည် အာရှ-ဥရောပအစည်းအဝေးတွင် အာရှ-ဥရောပတစ်လွှား
ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ပြည်သူလူထု၏ သဘောထားအသံများကို တင်ပြနိုင်ရေး၊
ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသော အရပ်ဘက်လူမှုအဖွဲ့အစည်း ကွန်ရက်တစ်ခုဖြစ််သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နှစ်နှစ် တစ်ကြိမ် အာရှနှင့် ဥရောပ
တစ်လှည့်စီ ကျင်းပခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်