ရန်ကုန်ဆေးရုံကြီးမှ ဆေးကုသဆောင် အချို့ ဆေးရုံသစ်သို့ နှစ်လအတွင်း ရွှေ့ပြောင်းမည်

ရန်ကုန်ဆေးရုံကြီးမှ ဆေးကုသဆောင် အချို့ ဆေးရုံသစ်သို့ နှစ်လအတွင်း ရွှေ့ပြောင်းမည်

ရန်ကုန်ဆေးရုံကြီးအား ပြင်ဆင်ရန်အတွက် ရန်ကုန်မြို့၊ ပြည်လမ်းရှိ စွမ်းအင်ဝန်ကြီးဌာန
အဆောက်အအုံဟောင်းကို ပြန်လည်ပြုပြင်ထားသည့် ဆေးရုံသစ်သို့ ဆေးအထူးကုသဆောင်
ကိုးခုမှ လူနာများအား အောက်တိုဘာလမှ စတင်ပြောင်းရွှေ့မည်ဟု သိရသည်။

"ပြောင်းရွှေ့ဖို့ ညွှန်ကြားချက်ထုတ်ထားတဲ့ ဆေးကုသဆောင်တွေကတော့ အရိုးအကြောဌာန၊
ကျောက်ကပ်ခွဲစိတ် နှင့် ဆေးပညာဌာန၊ အသည်းခွဲစိတ် နှင့် ဆေးပညာဌာန၊ အစာအိမ်နှင့်
အူလမ်းကြောင်း ခွဲစိတ်နှင့် ဆေးပညာဌာန၊ ရင်ခေါင်းခွဲစိတ်ဌာနနဲ့ ဆေးပညာဌာနတို့ ဖြစ်ပါတယ်"
ဟု ရန်ကုန် ဆေးရုံကြီး အရိုးအကြောဌာနမှ ဌာနမှူး ဒေါက်တာချစ်စိုးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

ရုံးဟောင်းကို ခုတင် ၅၅၀ ဆံ့ ဆေးရုံအဖြစ် ပြောင်းလဲပြင်ဆင်ထားပြီး စက်တင်ဘာလ ၂ ရက်နေ့မှ
စတင်၍ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် လွှဲပြောင်း လက်ခံမည်ဖြစ်ကြောင်း ကျန်းမာရေး
၀န်ကြီးဌာန၏ ဒုတိယရုံး အဖွဲ့မှူး ဦးစိန်ဝင်းက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာက ဆေးရုံသစ်ကို တရားဝင်လွှဲပြောင်း လက်ခံရယူပြီးသည့် နောက်ပိုင်းတွင်
ရန်ကုန် ဆေးရုံကြီးအတွင်းမှ စက်ပစ္စည်းအချို့ကို စတင်ပြောင်းရွှေ့ တပ်ဆင်ရန် ညွှန်ကြားထား
ကြောင်း ဒေါက်တာချစ်စိုးက ပြောသည်။

သက်တမ်း နှစ် ၁၀၄ ကျော်ရှိ ရန်ကုန်ဆေးရုံကြီး အဆောက်အအုံကို အကြီးစားပြုပြင်ပြောင်းလဲမှု
များ ပြုလုပ်ရန်အတွက် အသေးစိတ်စစ်ဆေးမှုများပြုလုပ်ရန် လိုအပ်သဖြင့် လူနာများ ရွှေ့ပြောင်း
ရေးကို ဦးစွာဆောင်ရွက်ရန် ဖေဖော်ဝါရီလက ကျင်းပသည့် ရန်ကုန်ဆေးရုံကြီး ပြုပြင် မွမ်းမံ
တည်ဆောက်ရေး နောက်ဆုံး အစည်းအဝေး၌ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း ရန်ကုန်ဆေးရုံကြီး
အဆင့်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ အတွင်းရေးမှူး
ဒေါ်စီသန်းက ပြောသည်။

"ရန်ကုန်ဆေးရုံကြီးက လက်ရှိအနေအထားအရ ကောင်းမွန်သေးတဲ့ အဆောက်အအုံလို့ ပြောလို့
ရသေးတယ်။ ဒါပေမဲ့ အဆောက်အအုံက လက်တွေ့မှာ ဆေးကုသဆောင်တိုင်းမှာ သတ်မှတ်ထား
တဲ့ ခုတင်အရေအတွက်ထက် နှစ်ဆထည့် အသုံးပြုနေရတဲ့အတွက် ၀န်ပိုဖြစ်ပြီး ၀န်နှစ်ဆလောက်
ထမ်းနေရတဲ့ ဆေးရုံကြီး အထပ်တွေတိုင်းရဲ့ ကြမ်းခင်းတိုင်းမှာ အားနည်းချက်တွေကို အကြမ်းဖျင်း
တွေ့ရှိခဲ့ရပါတယ်"ဟု ၎င်းကပြောသည်။

ထို့ကြောင့် အသေးစိတ်စစ်ဆေးမှုများ ထပ်မံပြုလုပ်ရန် လိုအပ်သော်လည်း ဆူညံသံများဖြင့် လူနာ
များအား ထိခိုက်နိုင်သည့်အတွက် လူနာများအားလုံး ရွှေ့ပြောင်းပြီးနောက်မှ အဆောက်အအုံ
ပြင်ဆင်ရေးလုပ်ငန်း စတင်ရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

ရန်ကုန်ဆေးရုံကြီးသည် ၃၅ ဧက ခန့် ကျယ်ဝန်းပြီး ခုတင် ၁,၅၀၀ ဆံ့ ဆေးရုံဖြစ်သော်လည်း
လက်ရှိတွင် ခုတင် ၃,၀၀၀ ခန့်ဖြင့် လူနာများ လက်ခံထားရသည်။

၎င်းဆေးရုံကြီး၌ အထွေထွေ ဖျားနာဆောင်သုံးဆောင်၊ အထွေထွေ ခွဲစိတ်ကုသဆောင်၊ ထိခိုက်
ဒဏ်ရာကုသဆောင်နှင့် အရိုးအကြော ကုသဆောင် စုစုပေါင်းသုံးဆောင်နှင့် အထူးကုသ ဌာန
စုစုပေါင်း ၂၄ ဆောင် ရှိသည်။

ရန်ကုန်ဆေးရုံကြီးသည် အဆိုပါလူနာများကို ရွှေ့ပြောင်းရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက
လမ်းမတော်မြို့နယ်၊ သူနာပြုတက္ကသိုလ်အနီး ယာယီ ကားဝင်းနေရာတွင် ခုတင် ၁,၅၀၀ ဆံ့
ဆေးရုံအသစ်တစ်လုံးကို တစ်နှစ်အတွင်း အပြီးဆောက်လုပ်ရန် စီစဉ်ထားသည်ဟု ဒေါ်စီသန်းက
ပြောသည်။

သို့သော်လည်း လက်ရှိ၌ အဆောက်အအုံ ပြန်လည်တည်ဆောက်ရန်အတွက် စီမံကိန်းကို
ဩစတြေးလျ ပညာရှင်က ရေးဆွဲလျက်ရှိနေသည်မှာ ငါးလ ကြာမြင့်နေပြီဖြစ်ပြီး ယခုအချိန်ထိ
အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်းနှင့် ဆေးရုံသစ်အဆောက်အအုံအတွက် ကုန်ကျမည့်
ငွေကြေးကိုလည်း အစိုးရထံမှ တောင်းခံနေရဆဲဖြစ်ကာ ရန်ပုံငွေလိုအပ်နေသည့် အနေအထား
ကြောင့် ရှေ့ဆက်မည့် လုပ်ငန်းအစီအစဉ်များ တုံ့ဆိုင်းနေကြောင်း ရန်ကုန်ဆေးရုံကြီး
အဆင့်မြှင့်တင်ရေး ကော်မတီဝင်များက ပြောကြားသည်။

ထို့ကြောင့် နောက်ထပ် တစ်နှစ်ကျော်ကြာမှ အဆောက်အအုံ ပြန်လည် ပြင်ဆင်ရေးလုပ်ငန်းများ
စတင်ဆောင်ရွက်နိုင်မည်ဟု ၎င်းကပြောသည်။

ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေးကော်မတီကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး ၂၀၁၂ ခုနှစ်၊ နို၀င်ဘာလတွင် ကျန်းမာရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပညာရှင်များဖြင့် စတင်ဖွဲ့စည်းခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး